COVID -19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရင်ထိုးတံဆိပ်များ စတင်ပေးအပ်

နေပြည်တော်၊ ၇.၆.၂၀၂၀
    COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက် ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း လွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များစတင်ပေးအပ်ခြင်း၊ တစ်ကိုယ်ရည် လုံခြုံရေး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ ပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်အေးနှင့် တာဝန်ရှိသူများလိုက်ပါ ဆောင်ရွက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ(၁)၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိခဲ့ကြပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီ ဆောင်ရွက်ပေးနေကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြု မှတ်တမ်းလွှာများကို နေပြည်တော်ကောင်စီဥက္ကဌထံ ပေးအပ်ပြီး၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တို့ထံသို့ ပေးအပ်ခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၁၂) ဦး၊  အသက်(၅) နှစ် အောက်ကလေး(၁၄)ဦး၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၇)ဦးနှင့်  မသန်စွမ်းသူ (၃)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် ၁,၀၈၀,၀၀ဝိ/- (ကျပ်ဆယ်သိန်းရှစ်သောင်းတိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်ခြင်းနေရာ (Quarantine Center) သို့ရောက်ရှိကြပြီး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဌထံနှင့် စေတနာ့ ဝန်ထမ်းကိုယ်စားလှယ်တို့ထံသို့ ပေးအပ်ခဲ့ပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက  အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦး၊ အသက်(၅)နှစ် အောက် ကလေး(၂၃)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို(၄)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့်ထောက်ပံ့သည့်စုစုပေါင်းငွေကျပ်(၁,၇၇၀,၀၀၀)(ကျပ်တစ်ဆယ့်ခုနှစ်သိန်း ခုနှစ်သောင်းတိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
    ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က စေတနာ့ဝန်ထမ်း (၃၃၄) ဦးနှင့် ပရဟိတအဖွဲ့(၃၄) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှားများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုး တံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏စိစစ်မှုဖြင့် အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင်အဖွဲ့က ဆက်လက်ဂုဏ်ပြု ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter