ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID-19 လုပ်ငန်းစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ UNICEF အဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၁၂.၆.၂၀၂၀
         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 လုပ်ငန်းစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စကို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ UNICEF အဖွဲ့တို့နှင့် ယနေ့မွန်းလွဲပိုင်းတွင် video conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
    ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် COVID-19 ကာလအတွင်း အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထား သည့်နေရာများ၊ ထိခိုက်လွယ်သော အိမ်ထောင်စုများနေထိုင်ရာ နေရာများတွင် အခြေခံ လိုအပ်ချက်များကို ကပေါင်းစုံကပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေးကို နိုင်ငံတော်က ဆောင်ရွက် နေသကဲ့သို့ ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့အစည်းများကလည်း ဆောင်ရွက်လျက်ရှိရာ COVID-19 တုံ့ပြန်ရေးဆိုင်းရာ ဆောင်ရွက်မှုများတွင် ယန္တရားတစ်ရပ် ဖော်ထုတ်ဆောင်ရွက်သွားရန် ဆွေးနွေး သဘောတူခဲ့ကြပါသည်။
    ထို့နောက် ဆက်လက်ဆောင်ရွက်မည့် အဆင့်များ၊ ပါဝင်မည့်အထောက်အပံ့ပစ္စည်းများ သတ်မှတ်ခြင်းနှင့် စံလုပ်ထုံးလုပ်နည်း (SOP) များရေးဆွဲခြင်း၊ ကပေါင်းစုံ စုံစမ်းအကဲဖြတ် စစ်ဆေးခြင်းများ ဆောင်ရွက်ရေး၊ ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပြီးချိန် ဝန်ဆောင်မှု အကဲဖြတ်ခြင်း ဆောင်ရွက်ရေးနှင့် ၎င်းအထောက်အပံ့များကို နိုင်ငံတော်က ဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် ရေရှည်ချိတ်ဆက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter