COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်

မန္တလေး၊ ၁၃.၆.၂၀၂၀
    COVID - 19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည် များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center)များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတို့  လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
    ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နန္ဒဝန် ဝန်ထမ်း အိမ်ရာနှင့် ဒေါနခြံတို့၌  Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် နေရာများသို့ရောက်ရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ် များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ် တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
    ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၃၅)ဦး၊  အသက်(၅) နှစ်အောက်ကလေး (၃၀)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၂)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် (၂,၀၁၀,၀၀ဝိ/-) (နှစ်ဆယ်သိန်းတစ်သောင်းတိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံ တစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ဇီဝိတဒါန သံဃာ့ဆေးရုံတွင် Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိခဲ့ကြ ပြီး ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည် များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
    ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ခြင်းနေရာတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၇၂) ဦး၊  အသက်(၅) နှစ်အောက်ကလေး (၇၆)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၁၆)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် (၄,၉၂၀,၀၀ဝိ/-) (လေးဆယ့်ကိုးသိန်းနှစ်သောင်းတိတိ) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
    ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၄,၅၄၁) ဦး၊ ပရဟိတအဖွဲ့ (၂၈၆) ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၅,၄၉၄) ဦး၊ ပရဟိတအဖွဲ့ (၅၁၁) ဖွဲ့တို့အတွက်ပေးအပ်ခဲ့သည့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ စာရင်းကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ် များအလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက် ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်ပါသည်။
    ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ ပေးအပ် ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter