မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယခုနှစ်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ၁၅.၆.၂၀၂၀
    မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နှစ်စဉ် ကျင်းပလျက်ရှိသော မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယခုနှစ်တွင် အွန်လိုင်းစနစ်ဖြင့် အခမ်းအနား စီစဉ်ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်း (၁၁) ဖွဲ့၊ UN Women ၊ UNFPA Myanmar တို့၏ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် အကြို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
    ထိုသို့ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုနှစ်တွင် COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရန် လူစုလူဝေးဖြင့် အခမ်းအနားကျင်းပ၍ မရပါကြောင်း၊ ထို့ကြောင့် Online စနစ် ဖြင့် အခမ်းအနားကျင်းပရန် ရည်ရွယ်ထားရှိပါကြောင်း၊ ယခင်နှစ်များတွင် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများလည်းဆောင်ရွက်ခဲ့ပါကြောင်း၊  ယခုနှစ် တွင် လူစုလူဝေးပုံစံဖြင့်မဟုတ်ဘဲ သစ်ပင်စိုက်ပျိုးမှုနှင့််  ကမ်ပိန်း (Campaign)များကို အကြို လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အမြဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရ၏ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan -CERP)တွင် ထိခိုက်လွယ်အုပ်စုများထဲမှ ပြည်ပမှပြန်လည်ရောက်ရှိလာသော ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် လက်ရှိ MCCT အစီအစဉ်ဆောင်ရွက်နေသောဒေသများမှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ငွေကြေးထောက်ပံ့ခြင်း၊ အမျိုးသမီးများပါဝင်သော သက်ကြီးရွယ်အိုများ၊ ပရဟတိဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းသူများ၊ IDP စခန်းများနှင့် နေရပ်စွန့်ခွာသူများကို ငွေကြေးပံ့ပိုးမှု အစီအစဉ်များ ပါဝင် ကြောင်း၊
အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် ထိုလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလို ကြောင်း၊ ယခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို Online စနစ်ဖြင့် ဆောင်ရွက်ခြင်းသည် ပုံစံအသစ်ဖြစ်ပါကြောင်း၊ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲတစ်ဦးက အမှာစကား ပြောကြား ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကာလကို မြန်မာအမျိုးသမီးများ ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံစံအသစ်ဖြင့် ဆောင်ရွက် နိုင်ရန် အတွေးသစ်၊ အမြင်သစ်များဖြင့် ပံ့ပိုးကူညီနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ အမျိုးသမီးအဖွဲ့ အားလုံးက Online အခမ်းအနားတွင် ပါဝင်မည့်အစီအစဉ်များကို အကြံပြု ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနတာဝန်ရှိသူများ၊ ကော်မတီဝင်အမျိုးသမီး အဖွဲ့(၁၁) ဖွဲ့၊ UN Women ၊ UNFPA Myanmar တို့၏ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြရာတွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို Online အခမ်းအနားဖြင့် ကျင်းပနိုင် ရေး၊ အမျိုးသမီးများအတွက် COVID-19 ကာလနှင့်ယှဉ်တွဲ၍ အကျိုးရှိမည့် ဦးစားပေးကဏ္ဍများ ရွေးချယ်နိုင်ရေးအတွက် အကြံပြုချက်များ ပေးပို့နိုင်ရေး၊ အမျိုးသမီးများနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲ၊ စာတမ်းဖတ်ပွဲ၊ ပဟေဠိအဖြေညှိခြင်း၊ စကားဝိုင်းဆွေးနွေးပွဲ ၊ ကမ်ပိန်း (Campaign) ပြုလုပ်ခြင်း၊ စသည့် အစီအစဉ်များကို အားလုံးစုပေါင်းပါဝင်နိုင်သော အွန်လိုင်းပလက်ဖောင်း (Online Platform) တစ်ခုကို တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါ ပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်‌ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter