Quarantine Center များတွင် အတွင်းစည်း၌ တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများအား အွန်လိုင်းဖြင့် လေ့ကျင့်သင်တန်းပေးခြင်း ဆောင်ရွက်

နေပြည်တော်၊ ၂၁.၆.၂၀၂၀
    အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းတို့နှင့်ပူးပေါင်း၍ Quarantine Center များ၌ အတွင်းစည်းတာဝန်ထမ်းဆောင် နေကြသော သင်တန်းမတက်ရောက်ရသေးသည့် စေတနာ့ဝန်ထမ်းများအား အွန်လိုင်းမှတဆင့် လေ့ကျင့်သင်ကြားပေးခြင်းကို ယနေ့တွင် Video Conference ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
    အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် မိမိဆန္ဒအရ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြသည့် စေတနာ့ ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းသင်တန်း လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေပြီး လေ့ကျင့် သင်တန်းပေးခြင်း၊ Quarantine Center များ၌ ၎င်းတို့ပါဝင်ဆောင်ရွက်နိုင်သည့် အချိန်ကာလ၊ အခြေအနေအရ အတွင်းစည်း သို့မဟုတ် အပြင်စည်းများတွင် တာဝန်များခွဲဝေ၍ ကူညီဆောင်ရွက် စေခြင်း၊ စနစ်တကျနှင့် ဘေးကင်းလုံခြုံစွာ ကူညီဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လုံခြုံရေး အကာအကွယ်များ စီစဉ်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်၊ အသွားအလာ၊ လုံလောက်သော အနားယူအပန်းဖြေမှု ရရှိစေရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အသိအမှတ်ပြု ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
    ထိုသို့ဆောင်ရွက်ရာတွင် Quarantine Center များ၌ အတွင်းစည်းတာဝန်ထမ်းဆောင်လျက် ရှိပြီး သင်တန်းမတက်ရောက်ရသေးသည့်  စေတနာ့ဝန်ထမ်းများစာရင်းကို ကောက်ယူခဲ့ပြီး အွန်လိုင်းမှလေ့ကျင့်သင်တန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင်  ပထမအသုတ်အနေဖြင့် နေပြည်တော်ကောင်စီ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့မှ အတွင်းစည်းတာဝန်ထမ်းဆောင်နေပြီး သင်တန်းမတက်ရောက်ရသေးသည့် စေတနာ့ ဝန်ထမ်း(၆၂)ဦးအား ပြောဆိုဆက်သွယ်ဆောင်ရွက်ခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့စို့ကလေးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ဝန်ဆောင်မှုပေးခြင်း စသည့် သင်ခန်းစာခေါင်းစဉ်များအလိုက် သင်ကြားပေးခြင်း၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများနှင့် ကူးစက် ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်အသုံးပြုခြင်း နည်းလမ်းများကို သင်တန်းနည်းပြများက အွန်လိုင်းသင်တန်းဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြပါသည်။
    အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သင်တန်းတက်ရန် ကျန်ရှိသော စေတနာ့ဝန်ထမ်းများ အတွက် လိုအပ်သော လေ့ကျင့်သင်တန်းပေးမှုများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter