ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင် MCCT အစီအစဉ်များ စတင်အကောင်အထည်ဖော်မှုအား သတင်းမီဒီယာများထံ အသိပေးရှင်းလင်း

နေပြည်တော်၊ ၂၅.၆.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၌ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (Maternal and Child Cash Transfer – MCCT) အားသတင်းမီဒီယာများထံ မိတ်ဆက်သည့်အခမ်းအနားကို Zoom Meeting ဖြင့် Online မှတဆင့် ယနေ့နံနက်(၁၁:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့်ပတ်သက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အားရေးဆွဲ၍ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုထုတ်ပြန်ထားပါကြောင်း၊ အားလုံးအကျုံးဝင်မှု၊ လူဘဝတစ်လျှောက်လုံး လွှမ်းခြုံနိုင်မှု၊ စနစ်တည် ဆောက်ခြင်း စသည့်အခြေခံမူ(၃)ရပ်ကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ အဓိကလုပ်ငန်းစဉ်(၈)ခုပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၊ လူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ပုံမှန် ဆောင်ရွက်လျက်ရှိပြီး၊ မသန်စွမ်းသူများအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဥ်၊ လူမှုအားမာန်အဖွဲ့များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များကို တစ်ကြိမ် ထောက်ပံ့ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု MCCT အစီအစဉ်သည် “လူ့ဘဝအစ ရက်(၁၀၀၀)အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန်” ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကျန်းမာသန်စွမ်းပြီး၊ ဉာဏ်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန် ဖြစ်ပါကြောင်း၊ ကမ္ဘာဘဏ်၏ IDA ချေးငွေ အမေရိကန်ဒေါ်လာသန်း(၁၀၀)နှင့် နိုင်ငံတော်၏ဘဏ္ဍာ ရန်ပုံငွေတို့မျှဝေကျခံ၍ ၂၀၁၉-၂၀၂၀ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကျိုး ခံစားသူငွေကြေးထောက်ပံ့ခြင်းအား ပြင်ပပုဂ္ဂလိကငွေကြေးလွှဲပြောင်းခြင်းအဖွဲ့အား လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကျိုးခံစားသူအသိပညာပေးခြင်းကို ရပ်ကွက်၊ ကျေးရွာအခြေပြုစေတနာ လူမှုဝန်ထမ်းသမားများ နှင့် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှသားဖွားဆရာမများက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကျိုးခံစားခွင့်ရှိသူများအဖြစ် လက်ရှိကိုယ်ဝန်ဆောင်သူအားလုံးနှင့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့ နှင့်နောက်ပိုင်း မွေးဖွားသောကလေးငယ် အားလုံးပါဝင်မည်ဖြစ်ပါကြောင်း၊ အကျိုးခံစားသူစာရင်းသွင်းခြင်းကို ၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာ စာရေးများထံတွင် စာရင်းပေးသွင်း နိုင်ပြီး၊ ကိုယ်ဝန်‌ဆောင်ဆိုလျှင် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ၊ ကလေးဆိုလျှင်လဲ မွေးစာရင်း ဒါမှမဟုတ် ကာကွယ် ဆေးထိုးမှတ်တမ်းတွေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာကြသောသတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြား‌‌ရေးမှူး ဦးကျော်လင်းထင်၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးထွန်းဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ယခု MCCT အစီအစဉ်တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)ပတ်(ဧပြီ၊ မေ၊ ဇွန်)နှင့် စတုတ္ထ(၃)လပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)တို့အတွက် ထောက်ပံ့ကြေး(၂)ကြိမ်ကိုပေါင်းပြီး ၂၀၂၀ ပြည်နှစ်၊ ဩဂုတ်လအတွင်းထောက်ပံ့သွားမည်ဖြစ်ပြီး၊ အကျုံးဝင်မှုလအလိုက် အကျိုးခံစားခွင့်ရှိသူ တစ်ဦးလျှင် တစ်လ (၁၅,၀၀၀)ကျပ်နှုန်းဖြင့် ရရှိသွားမည်ဖြစ်ပါသည်။
အဆိုပါ အသိပေးရှင်းလင်းပွဲသို့ MRTV၊ DVB၊ Skynet၊ ဧရာဝတီ၊ 7 Days New နှင့် RFA သတင်း မီဒီယာများနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

FacebookTwitter