COVID 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းများ ဆောင်ရွက်

ပုသိမ်၊ ၂၇.၆.၂၀၂၀
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ဆောင်ရွက်ခဲ့ ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ဓမ္မရံသီမိုးကုတ်ဝိပဿနာရိပ်သာ၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်ဘဒ္ဒန္တသုနန္ဒအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်ခဲ့ပါ သည်။ ထို့နောက် Quarantine ဝင်နေရသူများအတွက် အစားအသောက်များချက်ပြုတ် ပြင်ဆင်နေမှု များကို လိုက်လံကြည့်ရှုခဲ့ပါသည်။
    ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့် ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၆၅) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၂၆) ဦး၊ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅၄) ဦး၊ မသန်စွမ်းသူ (၁) ဦး တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၄,၃၈၀,၀၀၀) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးအပ်ခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများလိုက်ပါ၍ ပုသိမ်ပညာရေးကောလိပ်နှင့် တက္ကသိုလ်တို့၌ Quarantine Center များအဖြစ် ဖွင့်လှစ်ထားသည့်နေရာတွင် စေတနာ့ဝန်ထမ်းကိုယ်စားလှယ်၊ ပရဟိတကိုယ်စားလှယ်တို့နှင့် တွေ့ဆုံစဉ် ဤကာလတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တွေ့ဆုံ၍ အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်၍မရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ Quarantine Centerများအရှေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ် များကတစ်ဆင့် တိုင်းဒေသကြီးတစ်ခုလုံးအတွက် လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ COVID-19 လုပ်ငန်းစဉ် များတွင် ပါဝင်ကူညီကြသူများ အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြော ကြားခဲ့ပါသည်။
    ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့် ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်နှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီး Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၇၉) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၇၄) ဦး၊ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၃၃) ဦး နှင့် မသန်စွမ်းသူ (၄) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၅,၇၀၀,၀၀၀) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီတိုင်ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ပါသည်။
    ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၄၆၅၇) ဦး၊ ပရဟိတအဖွဲ့ (၂၂၄) ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း (၉၉၃၆) ဦး၊ ပရဟိတအဖွဲ့ (၁၇၇) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို သက်ဆိုင်ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေး အဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက်ဆက်လက် ပေးအပ်သွားမည်ဖြစ်ပါ သည်။
    စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများမှတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊  ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
    ယနေ့ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေ ရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

FacebookTwitter