COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် ကချင်ပြည်နယ်ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်း ဆောင်ရွက်

ဇူလိုင်၊ ၁၊ မြစ်ကြီးနား
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုခြင်းကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါ သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး စေတနာ့ဝန်ထမ်းကိုယ်စားလှယ်၊ ပရဟိတ ကိုယ်စားလှယ်တို့နှင့် တွေ့ဆုံစဉ် ဤကာလတွင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း တွေ့ဆုံ၍ အခမ်းအနားဖြင့် ဂုဏ်ပြုခြင်းများ ဆောင်ရွက်၍မရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ Quarantine Center များ အရှေ့တွင် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်များက တစ်ဆင့် တိုင်းဒေသကြီးတစ်ခုလုံးအတွက် လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ COVID-19 လုပ်ငန်းစဉ်များ တွင် ပါဝင်ကူညီကြသူများ အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် ကချင်ပြည်နယ်အတွင်းရှိ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည် များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ သည်။
    ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့်  ကချင်ပြည်နယ်အတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၃၁) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၆၁) ဦး၊ အသက် (၆၀) နှစ်နှင့် အထက် သက်ကြီးရွယ်အို (၂၁) ဦး၊ တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃,၃၉၀,၀၀၀) ကို ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Quarantine Centerတွင်တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးတာဝန်ခံထံသို့ ပေးအပ်ခဲ့ပါ သည်။
    ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်တို့ရှိ စေတနာ့ဝန်ထမ်း (၁၈၃၀) ဦး၊ ပရဟိတအဖွဲ့ (၇၉) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက်ဆက်လက် ပေးအပ်သွားမည်ဖြစ်ပါ သည်။
    စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများမှတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊  ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
    ယနေ့ ကချင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ် ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter