ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်အဖွဲ့နှင့် တွေ့ဆုံ

ဇူလိုင် ၂ရက်၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် ဒုတိယဥက္ကဌ ဒေါက်တာ စုလှဟန်အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ်ပါဝင်သော အာဆီယံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (ASEAN Women Entrepreneurs Network-ASESAN)၏ ဥက္ကဌအဖြစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံမှ လွှဲပြောင်းယူမည့်အကြောင်း၊  အဆိုပါ လွှဲပြောင်းခြင်း အခမ်းအနားကို အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝန်ကြီးဌာနဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်နေစဉ်အချိန်အတွင်း အမျိုးသမီးလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒီဂျစ်တယ်နည်းပညာလက်လှမ်းမီနိုင်ရေး၊ ကျေးလက်နေအမျိုးသမီးများအပါအဝင် အမျိုး သမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည့်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MSDP)နှင့် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter