၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ မြန်မာအမျိုးသမီးများနေ့ Online အခမ်းအနားကျင်းပ

နေပြည်တော်၊ ၃.၇.၂၀၂၀

    ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို Online အခမ်းအနားအဖြစ် ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ပါသည်။ ဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ပညာရှင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့(၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Online အခမ်းအနားသို့ Online မှတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ UN အဖွဲ့မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါသည်။
    အဆိုပါ Online အခမ်းအနားတွင် video clip ဖြင့် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုသီချင်းထုတ်လွှင့်ပြီး အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများနေ့ အထိမ်းအမှတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည့် မိန့်ခွန်းသဝဏ်လွှာအား video clip ဖြင့် ထုတ်လွှင့်ခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ‌ပြောကြားရာတွင် ယခုနှစ် (၂၀၂၀) ပြည့်နှစ်သည် COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် စိန်ခေါ်မှုများသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုတွေ၊ ပွဲအခမ်းအနားများအား ပုံစံအသစ်ဖြင့် ဆောင်ရွက်နေကြရပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် COVID-19 ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသဖို့ ဦးစားပေး ဆောင်ရွက်နေကြရင်း ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုများကို မလွှဲသာမရှောင်သာ ပြုလုပ်ရသည့်အတွက် လူမှုစီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို နိုင်ငံအလိုက် အနည်းနဲ့အများ ခံစားနေကြရပါကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများထက် COVID-19 ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားကြရပြီး ကျား၊မ အခြေပြုအကြမ်းဖက်မှုများ၊  အိမ်တွင်းအကြမ်းဖက်မှုများ များပြားလာသည်ဟုဆိုကြ‌ကြောင်း၊ မိမိတို့နိုင်ငံတွင်အကြမ်းဖက်မှုများ ယခုထိများပြားလာသည်ကို မတွေ့ရသေးခြင်းကိုဆက်လက်ထိန်းထားဖို့လိုပါကြောင်း၊ အိမ်တွင်မိသားစုပြုစုစောင့်ရှောက်ရသော တာဝန်ကို အမျိုးသမီးအများစုက တာဝန်ယူဆောင်ရွက်ရလေ့ရှိပါကြောင်း၊ မိသားစုဆိုသည် လူမှုအသိုင်းအဝိုင်းရဲ့အခြေခံဖြစ်ပါကြောင်း၊ မိသားစုဝင်တွေက ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊  မိသားစုစိတ်ဓာတ်နဲ့ကိုယ်ချင်းစာတရားသည် မြန်မာလူမျိုးများ၏ အခြေခံစံနှုန်းများဖြစ်ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာတရားနဲ့အတူတကွ ကြိုးစားဆောင်ရွက်ကြမည်ဆိုပါက COVID-19 ၏ နောက်ဆက်တွဲ အခက်အခဲတွေကို ကျော်လွှား နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အရေးကြီးသည့်တစ်ချက်မှာ ရင်ဆိုင်ရသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းပဲဖြစ်ပါကြောင်း၊ COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှု၊ လူမှုရေးဆောင်ရွက်မှုပုံစံများအား ပုံစံအသစ်နဲ့ပြောင်းလဲပြီး ချိတ်ဆက်ကြရမှာဖြစ်ကြောင်း၊ COVID-19 ကာလတွင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းလည်းရှိပါကြောင်း၊  တစ်ပိုင်တစ်နိုင်လုပ်ငန်းများလုပ်ကိုင်ပြီး Online ဖြင့် ရောင်းချနေကြကြောင်း၊ Online သင်တန်းများဖွင့်လှစ်သင်ခြင်း၊ အထည်ချုပ်စက်ရုံများအနေဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကာအကွယ်ပစ္စည်းများချုပ်ခြင်းကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ အခြေခံအနေအထားများမတူပါကြောင်း၊ ပုံစံသစ်နဲ့ရှေ့ဆက်တဲ့နေရာမှာ မတူသော်လည်း မျှတနိုင်ဖို့၊ မည်သူမျှမကျန်ရစ်ခဲ့စေဖို့ နိုင်ငံတော်ဘက်ကလိုအပ်တဲ့ အကာအကွယ်ပေးမှုများ၊ လူမှုရေးဝန်ဆောင်မှု၊ ချေးငွေထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ များနဲ့ အခြေခံလူတန်းစား မိသားစုဝင်တွေအတွက် ဝန်ထုပ်ဝန်ပိုးသက်သာစေမည့် အစီအစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက်ထောက်ပံ့ပေးသည့် အစီအစဉ်များအပြင် စီးပွားရေး ထိခိုက်မှုသက်သာစေရေးစီမံချက် COVID-19 Economic Relief Plan (CERP) ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဘက်ကလည်း နိုင်ငံတော်နဲ့ပူးပေါင်း နိုင်ဖို့လည်း မေတ္တာရပ်ခံချင်ပါကြောင်း၊ ကျားမတန်းတူညီမျှရေးကို မြှင့်တင်ဖို့ အဓိကကျတဲ့ နှစ်တစ်နှစ်ဖြစ်သည့်အတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ နောက်ကျန်မနေစေဖို့လည်း ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ အမျိုးသမီးများအနေဖြင့် နိုင်ငံရဲ့လိုအပ်ချက်များကို အမျိုးသားများနဲ့တန်းတူ မည်သည်တို့ကို ဖြည့်ဆည်းပြီး နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်း တွေကလည်း မည်သို့ ကူညီဆောင်ရွက်ပေးမည်အား စဉ်းစားကြဖို့လိုပါကြောင်း၊ လူမှုအဖွဲ့အစည်း တွေအနေနဲ့ အမျိုးသမီးများ၏လိုအပ်ချက်၊ အခက်အခဲများကို တင်ပြခြင်း၊ လိုအပ်တဲ့ကျွမ်းကျင်မှု တွေကို သင်ကြားပေးခြင်း၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ကူညီဆောင်ရွက် ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့ပြောလိုပါကြောင်း၊  နိဂုံးချုပ်အနေဖြင့် လူမှုအဖွဲ့ အစည်းတွေတည်ဆောက်တဲ့နေရာမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာစိတ်ဓာတ်တွေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ကို တည်ဆောက်ကြ ရမှာဖြစ်ပါကြောင်း၊  အမျိုးသမီးတွေနဲ့ နိုင်ငံရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့နေရာမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားကြစေချင်ပါကြောင်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ အင်အားနဲ့ ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ခွန်အားတွေကို မျိုးဆက်သစ်အသီးသီးကို ဆက်လက်ဆင့်ကမ်းအမွေပေးသွားကြဖို့ တိုက်တွန်းရင်းနဲ့နိဂုံးချုပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တေးဂီတနှင့်တွဲဖက်၍ ကိုယ် ကာယကြံ့ခိုင်မှု  လေ့ကျင့်ခန်းသရုပ်ပြခြင်းအား video clip ဖြင့် ပြသခဲ့ပါသည်။
    ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲအား "COVID-19 တုံ့ပြန်ဆောင်ရွက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့်စိန်ခေါ်မှုများ” “Role and Challenges of  Women in Covid-19 Response " ခေါင်းစဉ်ဖြင့်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် UMFCCI မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ COVID-19 တုံ့ပြန်ရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်း ကဏ္ဍနှင့် ၎င်းတို့တွေ့ကြုံရသော အခက်အခဲများ၊ ကျော်လွှားနိုင်သော နည်းလမ်းများကို ဖော်ထုတ် နိုင်ရေး စသည်တို့အား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော် များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။
    ထို့နောက် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ၌ ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအား မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ကျန်းမာ ရေးဝန်ထမ်းများ အားလုံးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ မြန်မာအမျိုးသမီးများနေ့ အကြိုစကားဝိုင်းဆွေးနွေးပွဲများကို တစ်ပတ်ကြိုတင်၍ ကျန်းမာရေး က၊ ပညာရေးကနှင့် စီးပွားရေးကများအလိုက်သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေး ခဲ့ကြပြီး ထိုအကြို ညှိနှိုင်းဆွေးနွေးပွဲ ရလာဒ်များ အပေါ်ယနေ့စကားဝိုင်းတွင် အမျိုးသမီးများ COVID-19 စိန်ခေါ်မူများကို ကျော်လွှားနိုင်ရေးလိုအပ်သောမူဝါဒများ၊ လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter