ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စေတနာ့ဝန်ထမ်း အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မွန်ပြည်နယ်အတွင်း ပေးအပ်

မော်လမြိုင်၊ ၁၁.၇.၂၀၂၀
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွက် ဂုဏ်ပြုလွှာများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သွားရောက်ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါဆောင်ရွက် ခဲ့ကြပါသည်။    
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ်၊ (၁၀)မြို့နယ်ဆောင် Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိကြပြီး မွန်ပြည်နယ်အတွင်းရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် မွန်ပြည်နယ်အတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၃၀၀) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၂၀၄) ဦး၊ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၂၀) ဦး၊ မသန်စွမ်းသူ (၁) ဦး တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၅,၉၆၀,၀၀၀) ကို ပြည်နယ်စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က Quarantine Center များတွင် အစားအသောက်စီစဉ်ချက်ပြုတ်ရေး ဆောင်ရွက်ပေးကြ သူများအတွက် ထောက်ပံ့ငွေများ၊ ပြည်နယ်လူမှုရေးဝန်ကြီးက ကလေးသူငယ်များအတွက် COVID – 19 အသိပညာပေးစာအုပ်များကို တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။ ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့က မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၁,၁၀၂) ဦးနှင့် ပရဟိတအဖွဲ့ (၇၀) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွာမည်ဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းနှင့် ထပ်တိုးခြင်းများရှိပါက လည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများမှ တစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပါသည်။ ယနေ့ မွန်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ပါသည်။                 မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်တွင် အသစ်ဖွင့်လှစ်ထား သော ချောင်းဆုံမူလတန်းကြိုကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းဆောင်အသစ်ကို လှည့်လည် ကြည့်ရှု ကာ မူလတန်းကြိုကျောင်းများပြန်လည်ဖွင့်လှစ်ပါက COVID-19 ကာလ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေးကို အသင့်ပြင်ဆင်ထားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ချောင်းဆုံမြို့နယ်ရှိ ပြည်ပမှပြန်လည်ဝင်ရောက်လာကြသူများမှ အသွားအလာကန့်သတ်ခြင်းကာလ ပြီးဆုံးအောင် နေထိုင်ပြီးသော ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၅) နှစ်အောက်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ချောင်းဆုံမြို့၊ ကျိုက်မုနိုင်း ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဘုရားဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter