ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် COVID 19 လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များညှိနှိုင်း

တီးတိန်မြို့၊ ၁၄.၇.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တီးတိန်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ယနေ့ ညနေပိုင်းက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးရာတွင် တီးတိန်မြို့နယ်အတွင်း ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်၊ မသန်စွမ်းထောက်ပံ့မှုများ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် အစိုးရ၊ ကိုယ်ထူကိုယ်ထနှင့်  ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အကောင်အထည်ဖော်မည့်ကိစ္စရပ်များ၊ ချင်းပြည်နယ်အတွင်း ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ရှာဖွေကယ်ဆယ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများ၊ မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ တီးတိန်မြို့တွင် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦလိုအပ်မှုနှင့် ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ထားရှိမှု အခြေအနေတို့ကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရိခေါဒါ နှင့် ကျီခါးမြို့တို့တွင် တရားဝင်ပြန်လည်လက်ခံရေးဌာန (၂)ခုထားရှိ ဆောင်ရွက်နေမှုအခြေအနေ၊ တရားမဝင် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေမှုအခြေအနေ၊ ကြုံတွေ့ရသော အခက်အခဲများ၊ လိုအပ်ချက်များနှင့် တီးတိန်ပြည်သူ့ဆေးရုံတွင် ပိုးတွေ့ကလေးငယ်တစ်ဦးအား လက်ခံပြုစုစောင့်ရှောက်ပေးနေမှု အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter