ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများပေးအပ်

ဇူလိုင် ၁၈၊ စစ်တွေ
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်း၌ စစ်တွေမြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊   ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ တိုင်းရင်းဆေး ဆေးရုံ၌ Quarantine Center အဖြစ် ဖွင့်လှစ်ထား‌ရှိသောနေရာသို့ရောက်ရှိပြီး COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြ သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ ရင်ထိုးတံဆိပ်များ၊  Mask များနှင့် လက်သန့်ဆေးရည်များကို စေတနာ့ ဝန်ထမ်းကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံပေးအပ်ခြင်း၊ Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင်(၁၄)ဦး၊အသက်(၅)နှစ်အောက်ကလေး(၆၇)ဦး၊အသက်(၆၀)နှစ် နှင့်အထက်ဘိုးဘွား (၆၀)ဦးတို့ အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃)သောင်း နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄,၂၃၀,၀၀ဝိ/- (ကျပ်လေးဆယ့်နှစ်သိန်းသုံးသောင်းတိတိ)ကို ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ယနေ့စစ်တွေမြို့၌ ပေးအပ်သော စေတနာ့ဝန်ထမ်း (၃၆၄)ဦး၊ ပရဟိတအဖွဲ့ (၃၇)ဖွဲ့တို့အတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
    ယနေ့ ရခိုင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါ ပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
    

 

FacebookTwitter