ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ကိုယ်စားလှယ် များနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းဆွေေးနွေး

နေပြည်တော်၊ ၂၁.၇.၂၀၂၀
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့ရှိ COVID-19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များနှင့် COVID-19 လုပ်ငန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းရေးအတွက် ယနေ့နံနက်ပိုင်း၌ ဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။
    အဆိုပါဆွေးနွေးပွဲတွင်  ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ အတွက် ဂုဏ်ပြုလွှာများပေးအပ်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကိုယ်တိုင် သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရသောကြောင့် အားလုံးနှင့်တွေ့ဆုံ၍ မရနိုင်ပါကြောင်း၊ ပြည်တွင်းကူးစက် ပြန့်နှံ့မှု သိသာထင်ရှားစွာ မတွေ့ရှိရသော်လည်း ပြည်ပမှ ပြန်လာသူများတွင် ကူးစက်ခံလာရ နိုင်သည့်အတွက် Quarantine လုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း ပါဝင်ကူညီ ဆောင်ရွက် ပေးနိုင်ရေး တိုက်တွန်း လိုပါကြောင်းနှင့် ဒေသအလိုက်မတူညီသည့် အခက်အခဲ၊ လိုအပ်ချက်များရှိမည်ဖြစ်ရာ ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များ၊ ပရဟိတအဖွဲ့ဝင်များက ဆွေးနွေးကြရာCOVID-19 အသိပညာ ပေးဆောင်ရွက်ရာတွင် အချို့သောဒေသခံတိုင်းရင်းသားများအတွက် ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ရန် ဘာသာစကား အခက်အခဲများ ကြုံတွေ့ရခြင်း၊ ချင်းပြည်နယ်တွင် အချို့နေရာများ၌ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ရေနှင့် အစားအသောက် သယ်ယူပို့ဆောင်ရေး၊ Quarantine ဝင်ကြသူများ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ပို့ဆောင်ရေးတို့တွင် အခက်အခဲရှိခြင်း၊ ယာဉ်စက်သုံးဆီများ လိုအပ်ခြင်း၊ COVID-19 ကာလ အချိန်ကြာလာသည့်နှင့်အမျှ Quarantine ဝင်ကြရသူများအတွက် အစားအသောက်စရိတ် လိုအပ်လာခြင်း၊ တရားမဝင်လမ်း ကြောင်းများ အထူးသဖြင့်ရေလမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်လာမှုများအတွက် ကြပ်မတ် ဆောင်ရွက်ပေးစေလိုခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် Mask များ၊ လက်သန့်ဆေး ရည်များ၊ လက်အိတ်များ၊ PPE ဝတ်စုံများကို ပံ့ပိုးပေးစေလိုခြင်း၊ ကျောင်းများတွင် ခြေနင်းအမှိုက် ပုံးများသာ အသုံးပြုစေလိုပြီး လုံလောက်စွာပံ့ပိုးပေးစေလိုခြင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် စေတနာ့ ဝန်ထမ်း ဆင့်ပွားသင်တန်းများ ပေးစေလိုခြင်းနှင့် COVID-19 ကာလသည် ရေရှည်ဖြစ်လာ၍ ပါဝင်ကူညီကြသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအတွက် နိုင်ငံတော်အစိုးရက ပိုမို ပံ့ပိုးကူညီပေးစေလိုခြင်း စသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
    ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် အချက်များကို အမြန်ဆုံးနှင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း၍ ပံ့ပိုး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ယနေ့ တွေ့ဆုံညှိနှိုင်းပွဲသို့ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်စုစုပေါင်း (၆၇) ဦး ပါဝင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter