ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အချက်အလက်များ တိကျခိုင်မာအားကောင်းစေရေးသုံးသပ် ညှိနှိုင်း

နေပြည်တော်၊ ၆.၈.၂၀၂၀
ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review(UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့်စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစည်း တင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်း အစည်းအဝေးကို အဆိုပါဝန်ကြီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက ကမ္ဘာ့နိုင်ငံများ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ၏ အကြံပြုတိုက်တွန်းချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရမည့်  အချက် (၁၆၆)ချက်နှင့် ကဏ္ဍ(၁၂)ရပ် တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် “ကျား - မ တန်းတူရည်တူရှိမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးကိစ္စရပ်များ” အချက်(၁၅) ချက် ၊ “ခွဲခြားမှုမပြုရေးကိစ္စရပ်များ” အချက်(၁၅)ချက်တို့ကို တာဝန်ယူရမည်ဖြစ်ရာ ကဏ္ဍအလိုက် စုစည်း တင်ပြဆောင်ရွက်လျက်ရှိသည့် အချက်အလက်များနှင့် ပတ်သက်သည့်ကိစ္စများ၊ အခြားဝန်ကြီး ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် သဘောထားမှတ်ချက်တောင်းခံလာသည့် အချက်များကို ပြန်လည်ဖြေကြားဆောင်ရွက်နေသည့်ကိစ္စများ၊ စတုတ္တအကြိမ်အစီရင်ခံစာ (မူကြမ်း)ပါ အချက် အလက်များ ပိုမိုအားကောင်းစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ထပ်မံဖြည့်စွက်ရန်အချက်များကို ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်အတွင်း ထိခိုက် လွယ်အုပ်စုများအပါအဝင် ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ တစ်ဦးတစ်ယောက်မျှ ချန်ရစ်မထား ရေးမူဖြင့် လူ့အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက် တုံ့ပြန်နိုင် မှုများ၊ IDP Camp များတွင် လိုအပ်သောပံ့ပိုးမှုများကို လက်တွေ့ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေများ၊ မသန်စွမ်းသူများအတွက်အစိုးရက ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ထောက်ပံ့ပေး နေမှု အခြေအနေများပါဝင်ရေး၊ ကဏ္ဍအလိုက် ရေရှည်ဆောင်ရွက်မှုများကို မိမိတို့ဝန်ကြီးဌာနက ရေးသားပြုစုထားသော အချက်အလက်များသည် တိုတိုရှင်းရှင်းနှင့် ထိမိပေါ်လွင်စေရေး၊ ပဋိသန္ဓေ တည်သည်မှ သက်ကြီးရွယ်အိုအထိ လူ့အခွင့်အရေးများကို မိမိတို့နိုင်ငံက အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးကိစ္စများနှင့် ဆောင်ရွက်ဆဲကိစ္စများကိုလည်း  အချိန်ကာလ သတ် မှတ်ဖော်ပြနိုင်ရေး၊  ဘာသာပြန်အရေးအသားများသည် တိုတိုထိထိဖြင့် လိုရင်းအဓိပ္ပါယ် ပေါ်လွင် စေရေး၊ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အမှန်ဖော်ဆောင်ပေးလျက်ရှိသည့် အခြေအနေများကို ဤအစီရင်ခံစာတွင် ပွင့်လင်းမြင်သာစွာ ကမ္ဘာကသိရှိစေရန်ဆောင်ရွက်ရေးနှင့် သတ်မှတ်ရက်အမီ တင်ပြနိုင်ရေးတို့ကို အားထုတ်ကြိုးပမ်း ကြရန် တိုက်တွန်းညှိနှိုင်း ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter