ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီညှိနှိုင်းအစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက်

နေပြည်တော်၊ ၁၄.၉.၂၀၂၀
    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
    ညှိနှိုင်းအစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့်  အတွင်းရေးမှူးများ၊  ကလေးသူငယ်အရေးကိစ္စ ကျွမ်းကျင် ပညာရှင်များနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒီကနေ့အစည်းအဝေးသည် ကလေးသူငယ်အခွင့် အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊  ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့်  လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်  စတဲ့အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  အစိုးရဌာနဆိုင်ရာများ၊ ကလေးသူငယ်အရေး တက်ကြွစွာ ဆောင်ရွက် နေကြသည့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကလေးသူငယ်ဆိုင်ရာ ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏  ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်  အခွင့်အရေးများဆိုင်ရာ   ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC)ကို ၁၉၉၁ခုနှစ်၊ဩဂုတ်လ (၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ကြောင်း၊ ကလေးသူငယ်ဥပဒေကိုလည်း CRC ပါ ပြဋ္ဌာန်းချက်များနှင့် ပိုမိုကိုက်ညီမှုရှိစေရန်နှင့် ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုရှိ စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့်  လူမှုအသိုက်အဝန်း တစ်ရပ် ပေါ်ပေါက်လာစေရေး အထောက်အကူဖြစ်စေရန်နှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အချက်ကို မူဝါဒမှာ ထည့်သွင်းသတ်မှတ်ထားပါကြောင်း၊ ကလေးသူငယ်များ ၏အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  မိမိတို့ဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရဌာနများ၊ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကလေးသူငယ်အရေးကိစ္စဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ UNအဖွဲ့အစည်းများ၊  INGO/NGOsများ၊  အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အတူတကွပေါင်းစပ် လုပ်ဆောင်လျက်ရှိကြောင်းကို မြင်တွေ့နိုင်မှာဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေပေါ် ထွက်နိုင်ရေးအတွက် နည်းဥပဒေရေးဆွဲရေးအထောက်အကူပြုအဖွဲ့နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  နည်းဥ‌ပဒေ     ရေးဆွဲရေးလုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်နိုင်ရေး ရည်မှန်းထားပါကြောင်း၊ ကလေးသူငယ်များ ဘေးကင်းလုံခြုံစေမှုရှိစေရေးအတွက် မိဘများနှင့် မိသားစုဝင်များသည် အဓိကအရေးကြီးပါကြောင်း၊ ကလေးသူငယ်များ ဘေးကင်းလုံခြုံ စေမှုဆိုင်ရာ တာဝန်ယူမှုများကို မိသားစုနှင့် ရပ်ရွာက တာဝန်ယူ လုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံတော်ကပံ့ပိုးပေးမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ဘက်စုံလွှမ်းခြုံသော ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ မူဝါဒ (Comprehensive Child Protection Policy) ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့်ပတ်သက်ပြီး အမျိုးသားအဆင့် ပထမအကြိမ်အစီရင်ခံစာကို UNCRC Committee သို့ ၁၉၉၅ခုနှစ် တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ပူးတွဲအစီရင်ခံစာကို ၂၀၀၉ ခုနှစ် တွင်လည်းကောင်း တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊
ယခုပဉ္စမနှင့် ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၂၀ခုနှစ်အတွင်း တင်သွင်းနိုင်ရေး ဆောင်ရွက် လျက်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (Maternal and Child Cash Transfer Program-MCCT)ကို ၂၀၁၇ ၂၀၁၈၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်  လက်ရှိ MCCT အကျိုးခံစားခွင့်ရှိသူ     (၄၄၁,၈၂၂) ဦးအား ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်အားလုံး၏  ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်မည့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး Early Childhood Intervention (ECI)ဝန်ဆောင်မှု လုပ်ငန်း စနစ် ပေါ်ထွန်းလာစေရေးအတွက် စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းအဖွဲ့၊ နည်းပညာအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  ကနဦးစီမံချက်ဒေသအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာ(၇)ခုတို့မှ မွေးစမှ ငါးနှစ် အောက်ကလေးငယ်များ အားလုံးအား မိသားစုအခြေပြု ECI ဝန်ဆောင်မှုပေးခြင်းကို  ဆက်စပ် ဝန်ကြီးဌာနများ၊  ကျွမ်းကျင်ပညာရှင်များ၊ စနစ်တကျ လေ့ကျင့်ပေးထားသော  ရပ်ရွာမှ စေတနာ့ ဝန်ထမ်းများဖြင့် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊  ဤကဲ့သို့ တိုင်းတာစစ်ဆေးခြင်းအားဖြင့် ကလေးသူငယ်များတွင် မသန်စွမ်းမှုဖြစ်ပွားခြင်းများကို စောစီးစွာသိရှိပြီး လိုအပ်သော ကာကွယ်မှုများ ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဥပဒေ၊  နည်းဥပဒေများကို   ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မူဝါဒ၊  မဟာဗျူဟာများ ချမှတ်ခဲ့ပါကြောင်း၊  ဌာနအခြေပြုလုပ်ငန်းအနေဖြင့်    တစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်းပေါင်း(၁၄၂)ကျောင်း ဖွင့်လှစ်ထားရှိပြီး ဆက်လက်၍ ဖွင့်လှစ် ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် မူလတန်းကြိုပညာရေး လွှမ်းခြုံမှုရှိစေရေး အတွက် ရပ်ရွာအခြေပြုအနေဖြင့်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို နည်းပညာအကူအညီနှင့် ထောက်ပံ့ကြေးပေးခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် သင်တန်းများပေးခြင်းနှင့် ထောက်ပံ့ကြေးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း  (၁၅၄၃) ကျောင်းအတွက် ကျပ်သန်း ၁၆၃၅.၅၈သန်းကို     
 လည်းကောင်း၊ မိခင်ဝိုင်းပေါင်း (၁၂၀၀)ခု အတွက် ကျပ်သန်း ၁၇၂၄.၁၆သန်းကိုလည်းကောင်း
ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များအနေဖြင့်   ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များ သာမက  အကာအကွယ်များ၊ စောင့်ရှောက်မှုများရရှိဖို့ လိုအပ်သည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကော်မတီများသို့လုပ်ပိုင်ခွင့်များကို  ဥပဒေအရ အပ်နှင်းထားပါ ကြောင်း၊  ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အမျိုးသားကော်မတီအနေဖြင့်  အဆင့်ဆင့်  တာဝန်ယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေး လုပ်ငန်း အနေဖြင့် စွန့်ပစ်ကလေးငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် ကလေးငယ်များအား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးပြုစုရေးဌာန(၇)ခုတို့ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေး ငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ လှူဒါန်းမှုဖြင့် နေပြည်တော်၌ ကလေး ဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာန တစ် ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဒီကနေ့ အစည်းအဝေးတွင်  မိမိတို့ ပြည်ထောင်စုအဆင့်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြမှာ ဖြစ်သလို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည် နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဌများအနေဖြင့်လည်း သက်ဆိုင်ရာဒေသအလိုက်က လေးသူငယ် အခွင့်အရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြမှာ ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို  ကလေးများအားလုံးသိရှိဖို့၊ ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ဖို့အတွက် မိမိတို့ အမျိုးသားကော်မတီကလည်း အစွမ်းကုန်ဆောင် ရွက်လျက်ရှိသလို   တာဝန်ရှိသူများအားလုံးအနေနှင့်လည်း   သက်ဆိုင်ရာကဏ္ဍအသီးသီး ကနေ တက်တက် ကြွကြွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍  လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ လုပ်ငန်းတာဝန်များအပေါ်  နိုင်ငံတော်က လိုက်နာဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြပါသည်။
    ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး အမျိုးသားအဆင့် ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာရေးသား ဆောင်ရွက်မှုအခြေအနေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် မူဝါဒရေးဆွဲခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
    ယင်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌများနှင့်  ကော်မတီဝင်များကသက်ဆိုင်ရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို  အသီးသီး ရှင်းလင်းဆွေးနွေးခြင်းနှင့် ကလေးသူငယ် အရေးကျွမ်းကျင်သည့် ပညာရှင်များက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင်  ကော်မတီဝင်များနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပညာရှင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏  အကောင် အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊  ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊  လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရ သော အခက်အခဲများကို ဖြေရှင်းနိုင်ရန်  လိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး နည်းလမ်းများပါ ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊  နိုင်ငံတော်က ပြည်သူများရေရှည်တည်တံ့ ခိုင်မြဲပြီး လုံခြုံစွာ ဖွံ့ဖြိုးရေး ဦးတည်ဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက်အကာအကွယ် ပေးမည့်  ခိုင်မာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို  ပြဌာန်းပြီးဖြစ်ရာ ကလေးသူငယ်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေကြသော သူများကပူးပေါင်း၍ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter