ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာ ကော်မတီ အဖွဲ့ဝင်လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် COVID-19 ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေး

စက်တင်ဘာလ ၂၁ ရက်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီ အဖွဲ့ဝင် လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း COVID-19 ဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များ ကို Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID -19 ကပ်ရောဂါပြန့်ပွားခြင်းအတွက် ကာကွယ်၊ ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော စေတနာ့ဝန်ထမ်းနှင့် ပရဟိတ လူငယ်များနှင့် တွေ့ဆုံပြီး  လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းဖြစ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူငယ့်ရေးရာမူဝါဒကို ဖော်ဆောင်ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးပြည်နယ်များတွင် လူငယ့်ရေးရာကော်မတီများ အဆင့်ဆင့်ဖွဲ့ စည်းပြီး မဟာဗျူဟာစီမံချက်များကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း၊ COVID -19 ကာလ ပြည်သူများအခက်အခဲများ ကြုံတွေ့ရစဉ်တွင် လူငယ်များအနေဖြင့် စေတနာ့ ဝန်ထမ်းများအဖြစ်ပါဝင် ဆောင်ရွက်နေကြခြင်းသည် မူဝါဒပါ ပြည်သူ့နီတိနှင့် နိုင်ငံသား ကောင်းဖြစ်မှုကဏ္ဍကို လက်တွေ့အကောင်အထည်ဖော်နေကြခြင်း ပင်ဖြစ်ကြောင်း၊ ကြုံတွေ့ ရသောအခက်အခဲများ လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားခဲ့ပါ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် လူငယ်ကော်မတီဝင်များက ၎င်းတို့ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေးအကာအကွယ်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်မှုအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များ၊ Quarantine Center များရှိ ပြည်သူများအတွက်သာမက စေတနာ့ဝန်ထမ်းများအတွက်ပါ စိတ်ခွန်အားမြှင့်တင်ပေးရန်လို အပ်မှုအခြေအနေများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းလိုအပ်မှုများ၊  အစောပိုင်းကာလ COVID- 19 ဖြစ်ပွားမှုအခြေအနေများနှင့် ဒုတိယလှိုင်းကာလ ဖြစ်ပွားမှုအခြေအနေ ကွာခြားချက် များနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းစဉ်များတွင် ခရိုင်၊ မြို့နယ်နှင့် Quarantine Center များအလိုက် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် လက်တွေ့ဆောင်ရွက်နေကြသူများ၏ မြေပြင်အခြေနေကို သိရှိရန်အလွန်အရေးကြီးသဖြင့်  ပါဝင်ဆွေးနွေးကြသူများကို အထူးကျေးဇူးတင်ပါကြောင်း၊ လူဦးရေထူထပ်သည့် ရန်ကုန်တိုင်း ဒေသကြီးတွင် COVID -19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးသည်အလွန်အရေးကြီး သဖြင့် လိုအပ်ချက်များကို မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက်တိုက်ရိုက် ဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခြင်းများကို အမြန်ဆုံးပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter