အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား Video Conferencing စနစ်ဖြင့်ကျင်းပ

နေပြည်တော်၊ ၁.၁၀.၂၀၂၀
    အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို  ယနေ့နံနက်(၁၁)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အဘိုးအဘွားများ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင်   မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ မိသားစုဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့မှုများကို ကျေးဇူးပြုသောအား ဖြင့်လည်းကောင်း၊ လက်ရှိလူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများက တစ်နည်းနည်းဖြင့် အကျိုးပြုနေဆဲဖြစ်တာကို အသိအမှတ်ပြုသော အနေဖြင့်လည်းကောင်း ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုလို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကို မြန်မာနိုင်ငံမှာ  (၁၉၉၉) ခုနှစ်ကတည်းက မပျက်မကွက် ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ်များက အခမ်းအနားများကို နေပြည်တော်‌ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များမှာ ကျယ်ပြန့်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကြောင့် ယခုကဲ့သို့ Online အခမ်းအနားဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား၏ ဆောင်ပုဒ်ကို “Pandemics: Do They Change How We Address Age and Ageing?” “သက်ကြီးရွယ်အိုကာကွယ်ဖို့ ၊ သက်ရွယ်မရွေးပူးပေါင်းလို့ ၊ ကပ်ရောဂါကို တိုက်ထုတ်စို့”လို့  သတ်မှတ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် COVID-19 ရောဂါပိုးသည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ယောကျ်ား မိန်းမ၊ ကလေးလူကြီး မခွဲခြား မည်သူ့ကိုမဆို ကူးစက်နိုင်သည့် ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ရင်ဆိုင် ကြုံတွေ့နေရပြီး အထူးသဖြင့် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် သက်ကြီးရွယ်အိုများ အတွက် ပိုမိုကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများဟာ အများအားဖြင့် အိမ်တွင်းမှာသာ နေထိုင်ကြတာ ဖြစ်ပေမယ့် ကလေး၊ လူငယ်၊ လူကြီးများကတစ်ဆင့် ရောဂါပိုးသယ်ဆောင်ပြီး ကူးစက်နိုင်တာဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများဟာ ကိုယ်ခံအားနည်းပါသည့် အတွက် နာတာရှည်ရောဂါရှိပါက အန္တရာယ်ကို ပိုမို ကြုံတွေ့ရနိုင်ပါကြောင်း၊ ကလေး၊ လူငယ်၊ လူကြီးများမှာလည်း နာတာရှည်ရောဂါရှိလျှင် အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ တစ်ဦးချင်းက COVID – 19 ကူးစက်မခံရ အောင်ဆောင်ရွက်မှာ ဖြစ်ပြီး သက်ကြီးရွယ်အိုများကို ကာကွယ်နိုင်ဖို့ အသက်အရွယ်မရွေး ပူးပေါင်း ဆောင်ပါဝင်ကြမှာသာ ဒီကပ်ရောဂါကိုတိုက်ထုတ်နိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ဆက်စပ်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ လူ့အခွင့်အရေးဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများဖြင့် ပြည့်စုံသော မွေးရာပါအခွင့်အရေးဖြစ်သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို  အလေးထားလျက် ပဋိသန္ဓေ တည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ သက်ကြီးရွယ်အိုများအတွက် The Madrid International Plan of Action on Ageing  နိုင်ငံတကာ လုပ်ငန်းအစီအစဉ်ကို သဘောတူထားတဲ့ နိုင်ငံဖြစ်သည် နှင့်အညီ လုပ်ငန်းအစီအစဉ်မှာပါသော ကျန်းမာပြီး အသက်ရှည်ခြင်းဖြစ်အောင် ပံ့ပိုးကူညီမှုများ ပြုလုပ်ရမှာဖြစ်ပါကြောင်း၊ ယခုလို COVID – 19 ကာလမှာ သက်ကြီးရွယ်အိုများကို COVID – 19 ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ပေးခြင်း အပြင် COVID – 19 ကပ်ရောဂါဟာ ကျန်းမာရေး ပြဿနာသာမက လူမှုစီးပွားထိခိုက်စေသော ကြီးမားသည့် စိန်ခေါ်မှုဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် သက်ကြီးရွယ်အိုများအကြား COVID – 19 ကြောင့် ဖြစ်ပွားနိုင်တဲ့ လူမှုစီးပွား အခက်အခဲတွေကို လျော့ပါးစေရေးအတွက် လူမှုရေးပင်စင် ခံစားလျှက်ရှိတဲ့ သက်ကြီးရွယ်အို (၂၀၀,၃၀၁)ဉီးအား ပုံမှန် လူမှုရေးပင်စင် သုံးလတစ်ကြိမ် ထောက်ပံ့ငွေ (၃၀၀၀၀/-)အပြင် တစ်ဉီးလျှင် ကျပ် (၃၀၀၀၀/-) နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းတွင် တစ်ကြိမ်ထပ်ဆောင်း ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် (၈၀)နှစ် တင်းတင်းပြည့်ပြီး အသက် (၈၅)နှစ် တင်းတင်းမပြည့်သော သက်ကြီးရွယ်အို( ၂၈၅, ၅၉၂ ) ဦးအား တစ်ဦးလျှင် ကျပ် (၃၀၀၀၀/-) နှုန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ အတွင်းတွင် ထောက်ပံ့ခဲ့ပါ ကြောင်း၊ ဒီအပြင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံ လုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနဲ့ အဘွားတစ်ဦးကို ယခင်နှစ်များကဲ့သို့ပင်  ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ တစ်ဆင့် လွှဲပြောင်းပေးအပ်သွား မှာ ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် သက်ကြီး ရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူပြု နိုင်ဖို့အတွက် အမျိုးသား လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ကတည်း က စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ (၂၁၆,၃၉၆) အား တစ်လ(၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် (၃၀,၀၀၀)ကျပ် ပုံမှန် ခံစားခွင့်ရနေကြပြီဖြစ်ပါကြောင်း၊ လာမယ့် ဘဏ္ဍာရေးနှစ်များမှာလည်း နိုင်ငံတော်၏ အကန့် အသတ်ရှိသော ရန်ပုံငွေအခြေအနေပေါ်မူတည်၍ အကျုံးဝင်အသက်ကိုလျော့ချပြီး ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့်ငွေကြေးကို တိုးမြှင့် ထောက်ပံ့ခြင်း စသည်တို့ကို ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်အသစ် တစ်ခု ဖြစ်သော သက်ကြီးရွယ်အိုများအတွက် မျိုးဆက်အသီးသီး၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ ပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့များကို ကျေးရွာအဆင့်များမှာ ဖွဲ့စည်းပြီး သက်ကြီး ရွယ်အိုများနှင့် အခြားမျိုးဆက်များအတွက်ပါ အပြန်အလှန် ကူညီစောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ လူမှုအားမာန်အဖွဲ့ပေါင်း (၂၁၆) ဖွဲ့ကို အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လူမှုဝန်ထမ်း ဦးစီးဌာန ရန်ပုံငွေမှ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်က စတင်ပြီး ကနဦး မတည်မှုရန်ပုံငွေ တစ်ဖွဲ့ကို ကျပ်(၁၀)သိန်းစီ ထောက်ပံ့ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း အဖွဲ့ပေါင်း (၄၀၀) ကို တိုးချဲ့ထောက်ပံ့သွားမှာ ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို အခွင့်အရေးနှင့်ပတ်သက်ပြီး အစိုးရအပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းပြီး အားထည့် ဆောင်ရွက်သွားဖို့ လိုအပ်သလို ဘိုးဘွားများအနေဖြင့်လည်း မိမိတို့သည် မိသားစုအတွက်၊ ရပ်ရွာအတွက်၊ နိုင်ငံအတွက်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် တစ်နည်းနည်းဖြင့် အကျိုးပြုနေသေးကြောင်း ဆက်လက်ပြသရန်  လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘိုးဘွားများ ဖြတ်သန်းတွေ့ကြုံခဲ့ရသော အတွေ့အကြုံများ၊ ရရှိထားသော ပညာများသည် အနာဂါတ်မျိုးဆက်များအတွက် တန်ဖိုးမဖြတ်နိုင်သော  အရာများဖြစ်ပါကြောင်း၊ ထိုအတွေ့ အကြုံများနှင့် ပညာများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ထိုသို့မျှဝေပေးနိုင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း  အခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ပါကြောင်း၊ မိမိတို့သည် သက်ကြီးရွယ်အိုများကို ယခုကဲ့သို့ လေးစားဂုဏ်ပြု သည့် အခမ်းအနားများ ကျင်းပပေးရုံ သက်သက်မဟုတ်ပဲ ယခုကျရောက်နေသော COVID – 19 ကပ်ရောဂါဘေးမှ ကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း အပါအဝင် သက်ကြီးရွယ်အိုများ၏ဘဝ အမှန်တကယ်လုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အို များ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပေးပို့သော သဝဏ်လွှာကို UNDP မှ ဌာနေ ကိုယ်စားလှယ်  UN Resident and Humanitarian Coordinator, Mr.Ola Almgrem က ဖတ်ကြားပါသည်။
    ယင်းနောက် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက် ချက် ဗီဒီယိုမှတ်တမ်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter