ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ လူငယ်များနှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော် ၊ ၃.၁၀.၂၀၂၀
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ( ၂၀၂၀ - ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့က တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဌာန်းခဲ့ပြီး  မူဝါဒ ဆိုင်ရာမဟာဗျူဟာ (၂၀၂၀ - ၂၀၂၄)ကို အတည်ပြုပြီးဖြစ်၍ လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် လာမည့်ဘတ်ဂျက်တွင် စတင်အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ COVID – 19 ကို ရင်ဆိုင် ကျော်လွှားဆဲကာလမှာပင် COVID – 19 နှင့် ယှဉ်တွဲပြီး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမဟာဗျူဟာကို အကောင်အထည်ဖော်ရန် လူငယ်များ၊နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူငယ်ရေးရာကော်မတီ များအနေဖြင့် အဆင့်ဆင့်ဆောင်ရွက်နေကြပါကြောင်း၊ အကောင်အထည်ဖော်သည့်နေရာတွင် အဓိက တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန (၃)ခု သာမက ဆက်စပ်ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခင်ကလည်း မူဝါဒရေးဆွဲရေး၊ မဟာဗျူဟာ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ ပါဝင်ဖို့လိုပါကြောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များလည်း ပါဝင်ဖို့လိုပါကြောင်း၊ မဟာဗျူဟာမှာ လုပ်ငန်းစဉ် ၁၆ ရပ်ရှိရာ လက်ရှိ COVID – 19 နှင့်ယှဉ်ပြီး ဆောင်ရွက်နိုင်သည့်ကဏ္ဍကို ဦးစားပေးရွေးချယ်ခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် မျိုးဆက်သစ်လူငယ်များကို လေ့ကျင့်ပြုစုပျိုး‌ထောင်ဖို့လိုပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန၏ ပါဝင်မှုသည် အရေးကြီးသည်ကို ဖော်ပြလိုပါကြောင်း၊ မဟာဗျူဟာအနေဖြင့် ချမှတ်ရာမှာ ဒီကဏ္ဍ (၁) ခုတည်းကို မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပါကြောင်း၊ မဟာဗျူဟာ (၁) သည် လူ့အခွင့်အရေးတန်ဖိုးများ၊ ဒီမိုကရေစီ စံနှုန်းများနှင့်  ဖက်ဒရယ်သဘောတရားများကို အခြေခံထားသည့် ပြည်သူ့နီတိသင်ရိုးနှင့် သင်ကြားမှု ပုံစံသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပညာရေး၏ ရေရှည် သင်ခန်းစာတွင် ထည့်ဖို့ဖြစ်ပါကြောင်း၊ မဟာဗျူဟာ (၂)သည် သင်ကြားပေးဖို့ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်လို့ရသည်မှာ ကျောင်းပြင်ပ လူငယ်များကို သင်တန်းပေးခြင်းဖြစ်ပါကြောင်း၊ အိမ်မှာနေပြီး အကျိုးရှိအောင်လေ့ကျင့်သင်တန်းများ ပေးလို့ရပါကြောင်း၊ ရပ်ကွက်ကျေးရွာက လူငယ်များအထိ ရောက်ရှိအောင်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လူငယ့်ရေးရာကော်မတီများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မဟာဗျူဟာ (၃) သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကဏ္ဍစုံမှ စံပြလူငယ်များ ပေါ်ထွက်လာနိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီတွေက ဦး‌ဆောင်ပြီး တိုင်းရင်းသားဒေသများအားလုံး ပါဝင်နိုင်အောင် ပံ့ပိုးပေးသွားရမှာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစံနှုန်းများကို ပြည်သူအများ သိရှိစေဖို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အွန်းလိုင်းစနစ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်လို့ ရပါကြောင်း၊ နည်းပညာပံ့ပိုးမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း၊ မဟာဗျူဟာ (၄) သည် လူငယ်များက လူငယ်အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ဖော်ထုတ်ပေး ရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာ(၅)သည် လူငယ်များ ပရဟိတလုပ်ငန်းများတွင် ပါဝင်ဖို့ အစီအစဉ် များကို ချမှတ်ပေးရန်ဖြစ်ကြောင်း၊ ယင်းကဏ္ဍအတွက် အထူးအထွေပြောနေစရာ မလိုပါကြောင်း၊ မြန်မာနိုင်ငံလူငယ်များအနေနဲ့ လက်ရှိ လူငယ်တွေပရဟိတလုပ်ငန်းများမှာ တက်ကြွစွာပါဝင် နေတာဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၆)သည် ဝန်ထမ်းလူငယ်များ၏ အလုပ်နဲ့ပတ်သက်ပြီး တက်ကြွစွာ ဆောင်ရွက်လိုစိတ်ရှိလာအောင်၊ ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်သဘောတရားများကို သိရှိနားလည်ပြီး အဂတိကင်းရှင်းစွာ လုပ်ငန်းခွင်အတွင်း အလေ့အကျင့်ကောင်းများကို  လက်ဆင့်ကမ်းပေးမည့်  အစီအစဉ်များကို ဖော်ထုတ်ဖို့ဖြစ်ပါကြောင်းနှင့် အဆိုပါ မဟာဗျူဟာ(၆) ရပ်ကို အကောင်အထည်ဖော်ရန် ယခုတက်ရောက်လာကြသော ဖိတ်ကြားထားသူများ၊ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးရာတွင် လူငယ်ဆိုင်ရာ ကဏ္ဍကြီး (၁၆) ရပ်အနက်မှ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာကဏ္ဍကို ဦးစားပေး ဆောင်ရွက်ဖို့ ရွေးချယ်ထားသည့်အတွက် လုပ်ငန်းစဉ်များချမှတ်ဖို့ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်သူ့နီတိနဲ့ နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာကဏ္ဍမှာ အကောင်အထည်ဖော် နေသည့်  ဌာနများအနေနဲ့လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်းနှင့် ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအပေါ် ဘဏ္ဍာငွေလျထားမှု၊ သုံးစွဲနိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူငယ်ရေးရာ ကိစ္စရပ်များ အတွက် အချိန်ကာလသတ်မှတ်၍ဆောင်ရွက်မည့်အစီအစဉ်များနှင့်   လုပ်ငန်းစီမံချက်မူကြမ်းအပေါ် ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တက်ရောက်လာသော ပြည်‌ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်များက အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ( ၂၀၂၀ - ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် အကြံပြု ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter