BCGE နှင့် UNWOMEN တို့ပူးပေါင်း၍ COVID-19 ကာလအတွင်း စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်သက်ရောက်မှုဆိုင်ရာ လေ့လာမှုသဘောထား စစ်တမ်းကောက်ယူခြင်းမှ တွေ့ရှိချက်များကို ပြန်လည်တင်ပြခြင်း Webinar သို့ တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ၇.၁၀.၂၀၂၀
    စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မတန်းတူညီမျှရေးပူးပေါင်းဆောင်ရွက်မှုအသင်း(Business Coalition for Gender Equality- BCGE)၏ COVID-19 ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အပေါ် ထိခိုက်သက်ရောက်မှုဆိုင်ရာ လေ့လာမှုသဘောထားစစ်တမ်း ကောက်ယူခြင်းမှ တွေ့ရှိချက်များကို ပြန်လည်တင်ပြခြင်း Webinar ကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၇) ရက်နေ့တွင် Online ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။
    Webinar သို့  မြန်မာနိုင်ငံဆိုင်ရာ Australia သံအမတ်ကြီး H.E Ms. Andrea Faulkner ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီး၊ UNWOMEN ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Nicolus Burniat၊ စီးပွားရေးလုပ်ငန်း ရှင်များ ကျား၊မတန်းတူညီမျှရေးပူးပေါင်းဆောင်ရွက်မှုအသင်း(Business Coalition for Gender Equality- BCGE) မှ တာဝန်ရှိသူများ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ လေ့လာသူများ Online မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
    Webinar တွင် လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး၊  မြန်မာနိုင်ငံဆိုင်ရာ Australia သံအမတ်ကြီး H.E Ms. Andrea Faulkner ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးတို့က အဖွင့် အမှာစကားအသီးသီးပြောကြားခြင်း၊ Investing in Women ၏ MEL Manager ဖြစ်သူ Ms. Georgia Davis က လေ့လာမှုသဘောထားစစ်တမ်းကောက်ယူခြင်းမှ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။
    ညွှန်ကြားရေးမှူးချုပ်၏မိန့်ခွန်းတွင် COVID-19 ကာလအတွင်း ယခုကဲ့သို့ ကိန်းဂဏန်း အချက်အလက်များဖြင့် အရည်အသွေးကောင်းမွန်သည့်  လေ့လာမှုစစ်တမ်းတစ်ခုပြုလုပ်ရန် မလွယ်ကူသော်လည်း ယခုကဲ့သို့  လေ့လာမှုသဘောထားစစ်တမ်း ထွက်ပေါ်လာရေးအတွက်  ဆောင်ရွက်ခဲ့ကြသည့် BCGE နှင့် UNWOMEN တို့အား အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် ကြုံတွေနေရပါကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါသည် အရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံများကိုပါ အခက်အခဲကြုံတွေ့စေရုံ သာမက မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများကိုပါ အင်မတန်ကြီးမားသည့် စိန်ခေါ်မှုတာဝန် တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်ပထမလှိုင်းကို ထိန်းချုပ်ကျော်လွှားနိုင်ခဲ့ သော်လည်း ဒုတိယလှိုင်း၏ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ တပြိုင်တည်း တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို လျော့နည်းသက်သာစေရေးအတွက်  COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉၏ အကျိုးဆက်များသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍရှိ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအပေါ် သက်ရောက်မှုများရှိမည်ဖြစ်ပါကြောင်း၊ ယနေ့တင်ပြမည့် အစီရင်ခံစာ တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ not-for-profit organizations များအပေါ် သက်ရောက်မှု များအား ဖော်ပြထားပါကြောင်း၊ အနာဂတ်မြန်မာ့စီးပွားရေးကဏ္ဍအတွက် အကျိုးပြုသည့် အစီရင်ခံစာဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အစီရင်ခံစာမှ တွေ့ရှိချက်နှင့် အကြံပြုချက်များသည် မြန်မာ့စီးပွားရေးပြန်လည်ကုစားရေးဆိုင်ရာမူဝါဒ၊ အစီအစဉ်နှင့် အကောင်အထည်ဖော်မှု များတွင်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter