ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ် ယာဉ်မောင်း များနှင့် အကူတို့အတွက် အသိပညာပေးအစီအစဉ်တက်ရောက်

အောက်တိုဘာလ ၂၂ ရက်၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့နှင့်  မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရေးပေါ် လူနာတင်ယာဉ်များဖြင့် COVID-19 ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ ပို့ဆောင်ပေးခြင်းလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသော မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား Video Conferencing စနစ်ဖြင့် အသိပညာပေးအစီအစဉ်သို့ တက်ရောက်ခဲ့ပါသည်။
    အဆိုပါ အသိပညာပေးအစီအစဉ်သို့ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
    အသိပညာပေးအစီအစဉ်တွင်ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြော ကြားရာတွင် နိုင်ငံတော်အနေဖြင့် စေတနာ့ဝန်ထမ်းများအားလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (MMA) တို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်း နည်းပြလက်စွဲ စာအုပ် များအား ပြုစုဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းဆောင်ရွက်သူများကို လေ့ကျင့်သင်တန်းပေးရာတွင် စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက် နေကြသော စေတနာ့ဝန်ထမ်းများကိုလည်း အသိပညာပေးလျက်ရှိရာ တတိယအကြိမ် မြောက် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်၊  ရန်ကုန် တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်း အရေးပေါ်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၂၃၁)ဦး ကို အသိပညာများ မျှဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊  ယနေ့ အသိပညာပေး အစီအစဉ်တွင် ကရင် ပြည်နယ်၊ ချင်း ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းစုစုပေါင်း (၁၆၄) ဦးကို လူနာတင်ယာဉ် ဖွဲ့စည်းပုံနှင့် အသက်ရှုစက်များ အလုပ်လုပ်ပုံ၊ နာတာရှည် ရောဂါခံစားနေရသူများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်း၊   ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဝတ်ဆင် သည့်နည်းလမ်းနှင့် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက် ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင်မိခင်များပါလာပါက ဆောင်ရွက်ရမည့်   အခြေ အနေများကို မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ကျွမ်းကျင်ပညာရှင်များက အသိပညာမျှဝေ ပေးသွားမည်ဖြစ်ပါကြောင်း၊   တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ COVID-19 ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ရာတွင် COVID-19 ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင် ပေးသော စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးပါပါကြောင်း၊ အရေးပေါ် လူနာ တင်ယာဉ် ယာဉ်မောင်းနှင့်အကူတို့အတွက် အသိပညာပေးလက်စွဲ စာအုပ် လိုအပ် လျက်ရှိပါကြောင်း၊ ယခုအခါ လက်စွဲစာအုပ်ကို  ရေးသားပြုစုပြီးဖြစ်သဖြင့် အမြန်ထုတ်ဝေ နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိကြသော စေတနာ့ဝန်ထမ်း တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသိ၊ သတိနှင့် ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ ထင်အောင်စောက စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသောသူများအတွက် လိုအပ်ချက်ရှိသည်များကို မြန်မာနိုင်ငံဆရာဝန် အသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
     ဆက်လက်၍ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍ အလိုက်ဆွေးနွေးပို့ချခဲ့ကြပြီး  စေတနာ့ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းမှု များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ