ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံ အဆင့်ဆွေးနွေးပွဲ(Online) သို့ တက်ရောက်အမှာစကားပြောကြား

၂၃ အောက်တိုဘာ၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဉီးဆောင်၍ အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် Online ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီဉက္ကဌများ၊  လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးဝင်းနိုင်ထွန်း၊  UN WOMEN Regional Consultant ၊  Ms. Katherine Belen၊ အစိုးရ/ဌာန အဖွဲ့အစည်း အသီးသီးမှတာဝန်ရှိသူများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ GBV Working Group မှ ကိုယ်စားလှယ်များ Online မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ (ASEAN Summit)မှာ အာဆီယံဒေသ ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် (RPA EVAW) အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ လက်ရှိအချိန် သည် အာဆီယံလုပ်ငန်းစီမံချက်၏ အကောင်အထည်ဖော်ဆောင်မှု၏ ပထမ(၅)နှစ်ပြီး မြောက်လုနီးပါးဖြစ်ပါကြောင်း၊  ထို့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်မှုတွေကို  ကာလလတ်ပြန်လည် သုံးသပ်မှုကိုပြုလုပ်ရမှာ ဖြစ် ကြောင်း၊ ကာလလတ်ပြန်လည်သုံးသပ်မှုကို အဆင့် (၂) ဆင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ပထမအဆင့် (Phase I) အဖြစ် Desk Review ဆောင်ရွက်ပြီး ဒုတိယအဆင့် (Phase II) အဖြစ် နိုင်ငံအဆင့်ဆွေးနွေးပွဲများကို ကျင်းပရန်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်  အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women – ACW) နှင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်‌စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promotion and Protection of the Rights of Women and Children- တို့အပြင် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women – AMMW) တို့မှာလည်း Focal Point အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို မိမိတို့ဝန်ကြီးဌာနက ဉီးဆောင်ပြီးကျင်းပခြင်းဖြစ်ကြောင်း၊ ယခုလို ကာလလတ်ပြန်လည် သုံးသပ်ခြင်းဖြင့် အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက် (ASEAN RPA on EVAW)ပါ လုပ်ငန်းရပ်တွေကို မိမိတို့နိုင်ငံ အဆင့်မှာ အကောင်အထည်ဖော်ဆောင်မှုတွေကို စုစည်းဆန်းစစ်ပြီး စိန်ခေါ်မှု၊ ကွာဟချက်နှင့် ဖြေရှင်း နိုင်မည့်နည်းလမ်းတွေကို သတ်မှတ်ဖော်ထုတ်နိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ရေး ဆွဲအကောင်အထည် ဖော်ခြင်း၊ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့(၄)ဖွဲ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ထည့်သွင်းဖွဲ့စည်းခြင်း၊  အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဉပဒေမူကြမ်းကိုရေးဆွဲခြင်း၊  ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် အမျိုးသား ကော်မတီ ဖွဲ့ပြီး လုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲခြင်း၊  လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးစနစ် ဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးစံ လုပ်ငန်းလမ်းညွှန်ရေးဆွဲအတည်ပြုခြင်း၊ အမျိုးသမီးများ ဘဝတစ်လျောက်အတွေ့အကြုံများဆိုင်ရာ စစ်တမ်းကောက်ယူရေးအတွက် စီစဉ်ဆောင်ရွက်မှုတွေကို ပြုလုပ်ထားရှိပါကြောင်း၊ အကြမ်းဖက်ခံရသူအမျိုးသမီးများကို ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အတွက် (၂၄)နာရီ Help Line ဖွင့်လှစ်ထားခြင်း၊ One Stop Women Support Center (၆)ခု ဖွင့်လှစ်ထားရှိခြင်း၊ တရားရင်ဆိုင်စရိတ်နှင့် အသက် မွေးဝမ်းကျောင်းအတွက် ထောက်ပံ့မှုများပေးခြင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူတွေကို လေ့ကျင့်သင်တန်းပေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွဲရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင် နိုင်ရေး၊ အမျိုးသမီးများအကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အခက်အခဲနဲ့ စိန်ခေါ်မှုများ မကျန်ခဲ့စေရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ နိုင်ငံအဆင့်ဆွေးနွေး ပွဲကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြသည့် UNFPA နှင့် UNWOMEN မြန်မာ ၊ ကျား၊မ တန်းတူညီမျှရေးကွန်ယက်တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
    ထို့နောက် လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ UN WOMEN Regional Consultant ၊ Ms. Katherine Belen က အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက်ပါ ဉီးစားပေးလုပ်ငန်းနယ်ပယ်(၅)ရပ်နှင့် လုပ်ငန်းစီမံချက်(၈)ခုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter