စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးခြင်းအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက် အမှာစကားပြောကြား

နိုဝင်ဘာ ၁၀၊ နေပြည်တော်
    အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့်  မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် COVID-19 ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသောစေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ပြုလုပ်ခဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်ခဲ့ပါသည်။
    ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အဆိုပါအသိပညာပေး အစီအစဉ် တွင် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့တို့ ပူးပေါင်း ပြုလုပ်သည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသောစေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် COVID-19 ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်းမော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင်လိုက်ပါ ကူညီဆောင်ရွက် နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ပထမဦးစွာ တိုင်းဒေသကြီး/ ပြည်နယ်များမှ စုဆောင်းရှိသော စေတနာ့ဝန်ထမ်းများဖြင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလအတွင်း အသိပညာပေးအစီအစဉ်အား(၄)ကြိမ် ပြုလုပ်ခဲ့ပြီး၊    နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်း(၅၅၃)ဦးအား အသိပညာပေး ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအား လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)တို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်း နည်းပြလက်စွဲစာအုပ် များအား ပြုစုဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အသိပညာပေး အစီအစဉ်တွင် ပါဝင်ဆွေးနွေး ပေးကြမည့် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပါမောက္ခဒေါက်တာမြသီတာ၊ ပါမောက္ခဒေါက်တာ မာမာကြည်၊ ဒေါက်တာသာထက်အောင်နှင့် ဒေါက်တာသောင်းလင်းတို့ကိုလည်း ကျေးဇူးအထူး တင်ပါကြောင်း၊
    အဆိုပါအသိပညာပေး အစီအစဉ်ကတဆင့် လူနာတင်ယာဉ်ဖွဲ့စည်းပုံနှင့် အသက်ရှူ စက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျဝတ်ဆင်သည့် နည်းလမ်းနှင့် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင်မိခင်များ ပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများနှင့် သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များ ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဒီအပြန်အလှန်ဆွေးနွေးခြင်းများကတဆင့် သိရှိရသည့် အချက်များ အပေါ်မူတည်၍ လက်ရှိတွင် COVID-19 ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင်ပေးသော စေတနာ့ဝန်ထမ်းအရေးပေါ် လူနာတင်ယာဉ် ယာဉ်မောင်းနှင့် အကူတို့ အတွက် အသိပညာပေးလက်စွဲ ပေါ်ပေါက်လာစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့၏ အကူအညီနဲ့ ဆောင်ရွက်ခဲ့ပြီး ဒီနေ့တက်ရောက်သူများကို ebook အနေဖြင့် စတင်ဖြန့်ချိပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလိုအချိန်မှာ စေတနာ့ဝန်ထမ်း များအနေဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေကြသည့် တစ်ယောက်စီတိုင်းကို အထူး ကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စား‌သာမက အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ကိုယ်စားပါ ပြောကြားလိုပါကြောင်း၊  နောင်လည်း ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ သက်ဆိုင်ရာခေါင်းစဉ်အလိုက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူ များက ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တက်ရောက်လာသော စေတနာ့ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ အပြန်အလှန်ဖြေကြားခြင်းကဏ္ဍ ဆောင်ရွက်၍ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာမြသီတာက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ပါသည်။
ယခုပဥ္စမအကြိမ်အသိပညာပေးအစီအစဉ်သို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသီတာ၊ ပါမောက္ခဒေါက်တာမာမာကြည်၊ ဒေါက်တာသာထက်အောင်နှင့် ဒေါက်တာသောင်းလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လူမှုဝန်ထမ်းရုံးများမှတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်း(၁၅၀) ဉီး ခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter