(၃၁) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား Video Conferencing စနစ်ဖြင့်ကျင်းပ

နေပြည်တော်၊  ၂၀.၁၁.၂၀၂၀ 
    “(၃၁)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencingစနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ Unicef မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi ၊ ကလေး  သူငယ်အခွင့် အရေးများ ဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက် ရေးမူဝါဒ ရေးဆွဲရေး နည်းပညာဆိုင်ရာလုပ်ငန်း ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များ၊ ဆယ်ကျော်သက်ကလေးသူငယ် ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ တစ်ဝှမ်းလုံးရှိ ကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြှင့်တင် ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေ‌ထွေညီလာခံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုရက်ကို  ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် နိုဝင်ဘာလ(၂၀) ရက်နေ့ကို World Children’s Day (ကမ္ဘာ့ကလေးများနေ့)အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြရာ ယခုနှစ်သည် (၃၁) ကြိမ်မြောက် ဖြစ်ကြောင်း၊
    မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကလေးသူငယ်များနှင့် ပတ်သက်၍ အခြားနိုင်ငံများနည်းတူ “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားများကို  ကျင်းပလျက်ရှိသည့်အပြင် ဖေဖော်ဝါရီလ (၁၃)ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို “မြန်မာ့ကလေးများနေ့” ဟု သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကလေး သူငယ်များအတွက် နိုင်ငံတစ်ဝှမ်းမှာ အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊
မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ခုနှစ် ဧပြီလ၊(၁)ရက်နေ့ ပြည်သူ့အစိုးရ စတင်တာ၀န်ယူချိန်ကစ၍ လူတိုင်း အခြေခံ လူ့အခွင့်အရေးရရှိပြီး ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက် ရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လူသားတိုင်း လူ့ဂုဏ်သိက္ခာအပြည့်အဝ ရရှိနိုင်ရန် လူတိုင်း လူ့အခွင့် အရေးအပြည့်အ၀ရရှိဖို့  ကြိုးပမ်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အခွင့်အရေး များကို အသိအမှတ်ပြု အကောင်အထည် ဖော်ဆောင်ရွက်ပေးခြင်းသည် အဓိကလုပ်ဆောင်ရမည့် အချက်ဖြစ်ကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ UN အဖွဲ့အစည်းများ၊ INGO/ NGOs များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ ကလေးသူငယ်အခွင့်အရေး ဖော်ဆောင်ခြင်း များကို အတူတကွပေါင်းစပ်လုပ်‌ဆောင်ရာမှာ ယနေ့လိုအထိမ်းအမှတ် အခမ်းအနားများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး(၄)ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့အကောင်အထည်ဖော်ရာတွင် မိသားစု၀င်များ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေး(၄)ရပ်သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိရာ ကျန်းမာရှင်သန်ပြီး  ဖွံ့ဖြိုးတိုးတက်ခွင့် ရရှိရန် ကိုယ်၀န်ဆောင်စဉ်မှစ၍ ရှေးဦးအရွယ် ကလေးသူငယ်ကာလအလျောက် စနစ်တကျ ပြုစုစောင့်ရှောက်ကာကွယ်မှု ရရှိရန် အရေးကြီးကြောင်း၊ အစိုးရအနေဖြင့် ရေရှည်မျှော်မှန်းပြီး မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မွေးစမှ(၈)နှစ်အရွယ်အထိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းအစီအစဉ်များ၊ တိုင်းတာစစ်ဆေး မှုများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
    ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်နေ့တွင် ကလေးသူငယ်အား ရောင်းချခြင်းနှင့် ညစ်ညမ်း ရုပ်ပုံများဆိုင်ရာနောက်ဆက်တွဲ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂကွန်ဗင်းရှင်း ၏ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊
    ထို့အပြင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ဥပဒေများကို လိုအပ်သလို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံမှ ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ် ဥပဒေကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်အဖြစ် ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း၊
    ထိုကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်တွင် ပိုမိုထိရောက်စွာ ကာကွယ် စောင့်ရှောက်နိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှု ကင်းပြီး တန်းတူညီမျှစွာ လက်လှမ်းမီခံစားရရှိရန် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ထားရှိ ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တိကျသော နည်းဥပဒေ ပြဋ္ဌာန်းချက်များ ပေါ်ပေါက်လာစေရန် ဆက်လက်‌ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကလေးသူငယ် တစ်ဦးချင်းစီအတွက် ကလေးသူငယ်အခွင့်အရေးများနှင့်အညီ နည်းလမ်းမှန် များဖြင့် ပြုစုကာကွယ်စောင့်ရှောက်နိုင်ရန် စနစ်ကျသော မူဝါဒတစ်ရပ်လည်း လိုအပ်လျက်ရှိရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်တွေ့ကျ၍ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ဖြစ်ပေါ်စေရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့က အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူရေးဆွဲ လျက်ရှိကြောင်း၊
    လက်ရှိရေးဆွဲလျက်ရှိသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ မူဝါဒတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် ပြဌာန်းနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းကာ ကလေးသူငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်း၊ ကလေးသူငယ် အခွင့်အရေးများ အပြည့်အ၀ရရှိစေခြင်းများကို အကောင်အထည်ဖော်နိုင်ရေး ရှေးရှုပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်   နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကော်မတီသို့ (၅)နှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန်တာဝန်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် ကလေးသူငယ် များအတွက် အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ဒီမိုကရေစီစံနှုန်းများကို မြှင့်တင်နိုင်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ပြီး အခြေခံအုတ်မြစ်ကောင်းများကို ချမှတ်နိုင်သော နှစ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ် ပေးထားသည့်ဆောင်ပုဒ်မှာ “A Day to reimagine a better future for every child” “ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ယခုအချိန်ခါသည် Covid-19 ကပ်ရောဂါကျရောက်ဆဲကာလဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေး များဖော်ဆောင်ပေးရာမှာ အခက်အခဲများ ကြုံတွေ့နေရသော်လည်း လတ်တလောဖြေရှင်း ဆောင်ရွက်ပေးခြင်းမပြုပါက ကလေးငယ်များ၏ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင် မည်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်ကြောင်း၊ 
မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းကလေး သူငယ်များ၊ အလုပ်လုပ်နေရသော ကလေးများ၊ ရွှေ့ပြောင်းကလေးများ၊ တိုက်ပွဲရှောင်ကလေးများ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ ကလေးများ၊ လမ်းပေါ်နေကလေးများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေးများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက် ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ယူနီဆက်(မြန်မာ) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ လိုအပ်ချက်များ ဖော်ထုတ်ကာ အစီအမံများ  ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ကြိုးပမ်းလျက်ရှိရာမှာ တိုင်းရင်းသားဒေသရှိ ကလေးသူငယ်များ အပါအ၀င် ပြည်သူများ တစ်ဦးချင်းစီအား လူမျိုးဘာသာ မခွဲခြားဘဲ၊ တစ်ဦးတစ်ယောက်မျှ မချန်လှပ်ဘဲ သာတူညီမျှခံစားရရှိရေး၊ မဖြစ်မနေအကောင်ဖော်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ 
    
    နိဂုံးချုပ်အနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် ကလေးသူငယ်များ၏ အသံများကိုပါ နားထောင်ပြီး ကလေးသူငယ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများက အစွမ်းကုန် ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသောသဝဏ်လွှာအား UNICEF Myanmar မှ ဌာနေ ကိုယ်စားလှယ် Ms. June Kunugi  က ဖတ်ကြားခဲ့ပါသည်။
ယင်းနောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အတွက် ကလေးသူငယ်များ၏ အခွင့် အရေးများနှင့်စပ်လျဉ်းသော ဆောင်ရွက်ချက်ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး ကလေးကိုယ်စားလှယ် တစ်ဦးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ပြီး  အခမ်းအနားကို  ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။    

FacebookTwitter