ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်း

နိုဝင်ဘာ ၃၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသတိုင်းရင်းသားကျေးရွာများဖြစ်သော ဘို့မကျေးရွာအုပ်စုသို့ ယနေ့နံနက်ပိုင်းက သွားရောက်ခဲ့ပြီး တိုင်းရင်းသားများ၏ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကူညီထောက်ပံ့မှုပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန််ကြားရေးမှူးချုပ်များ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့် အလှမ်းမဝေးလှသော်လည်း သွားလာရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသဖြစ်သောကြောင့် လိုအပ်မှုများကို သိရှိရန်နှင့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သာတူညီမျှ ခံစားရရှိရေးကို ဥပဒေနှင့်အညီဖော်ဆောင်ပေးလျက် ရှိကြောင်း၊ ဒီမိုကရေစီစနစ်ထွန်းကားရေး ဆောင်ရွက်ရာတွင် ယခုအချိန်သည် အကူးအပြောင်းကာလဖြစ်ကြောင်း၊ အစိုးရ၏ ပထမ(၅)နှစ်သက်တမ်းတွင် ဒီမိုကရေစီအုတ်မြစ်ကို  ချမှတ်ခဲ့ပြီး ဒီမိုကရေစီခိုင်မာတည်တံ့ရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးကို ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဤကျေးရွာများကဲ့သို့ နောက်ကျ ကျန်ခဲ့သောဒေသများတွင် ပိုမိုအားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အစိုးရအနေဖြင့် သိရှိအောင် ပြည်သူ့ကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးရွာရှိတိုင်းရင်းသား ပြည်သူများကလည်း မိမိတို့ကြုံတွေ့ခံစားရသော အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ရန် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူတစ်ဦးချင်း၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးရာတွင် လိုအပ်သော မူဝါဒ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရသည်ဖြစ်၍ အလျင်အမြန် ဖြည့်ဆည်းမပေးနိုင်သည့်ကိစ္စများလည်း ရှိကြောင်း၊ သို့သော်လည်း အစိုးရအနေဖြင့် လာမည့်နှစ်များတွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားအများစုနေထိုင်သည့် ပြည်နယ်များတွင် ဉပဒေအရ သာတူညီမျှခံစားရရှိစေပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များပါဝင်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုံသဘောတူညီချက်အချို့ ရရှိခဲ့ပြီး ထာဝရငြိမ်းချမ်းရေးကို ဦးတည်သည့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့အပြင်   ပဋိသန္ဓေတည်သည်မှစ၍ သက်ကြီးရွယ်အို အထိ တစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ဖော်ဆောင်ပေးရသည့်လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်ချက်များအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ဖြည့်ဆည်းပေးရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်သည်  COVID-19 ကပ်ရောဂါကို ထိန်းချုပ်ဆောင်ရွက်နေရချိန်ဖြစ်သဖြင့် ဤဒေသရှိတိုင်းရင်းသားပြည်သူများအနေဖြင့် COVID-19 ကပ်ရောဂါဆိုင်ရာ စည်းကမ်းများ၊ ညွှန်ကြားချက်များလည်း တိတိကျကျလိုက်နာပြီး ရောဂါမပြန့်ပွားစေရန် အသိ သတိဖြင့် လိုက်နာဆောင်ရွက်ကြရန် လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ်သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားကျေးရွာအုပ်စု (၇) စုဖြစ်သော ကိုးတစ်၊ ဘန့်ဘား၊ သစ်တွန်၊ ပြည်ထောင်ကိုး၊ ဘို့မ၊ မဲပေါက်၊ အလယ်ချောင်းတို့မှ ကျေးရွာတာဝန်ခံများက မိမိတို့ကျေးရွာများအနေဖြင့် ပြည်သူ့အစိုးရ၏ ဆောင်ရွက်ပေးမှုများကြောင့် ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သို့သော် လိုအပ်ချက်များ များပြားဆဲဖြစ်ကြောင်း၊  ကျေးရွာများတွင် အဓိကဖြည့်ဆည်းပေးရန်လိုအပ်သော မိုဘိုင်းတယ်လီဖုန်း လိုင်းများ ဖြည့်ဆည်းပေးရေး၊ အိမ်သုံးဆိုလာမီးလင်းရေး လက်ရှိအခြေအနေနှင့် ဖြည့်ဆည်းပေးရန်များ၊ သဘာဝဘေးကြောင့် ပျက်စီးသွားသော ကုန်ထုတ်လမ်းများနှင့် တံတားများ ပြုပြင်ပေးရေးနှင့် အသစ်တည်ဆောက် ပေးရန်လိုအပ်မှုများ၊  သောက်သုံးရေရရှိရေး စိမ့်စမ်းရေသွယ်ခြင်းများ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ် များကို တင်ပြခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ဘို့မအုပ်စုကျေးရွာတာဝန်ခံများသို့ လျှပ်စစ်မီးအတွက် အိမ်သုံးဆိုလာမီးအိမ် (၆၃)လုံး၊ ရေမလိုလက်သန့်ဆေးရည်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ခဲ့ကြပြီး ဘို့မအုပ်စုကျေးရွာ (၄)ရွာနှင့် အလယ်ချောင်းအုပ်စု (၅)ရွာတို့တွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုရန် စုစုပေါင်းငွေကျပ် (၉)သိန်းနှင့် ကလေးငယ်များအတွက် ကစားစရာ အရုပ်များနှင့်အာဟာမုန့်များကို ပံ့ပိုးပေးခဲ့ကြပြီး တင်ပြဆွေးနွေးခဲ့ကြသော လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် စနစ်တကျတွက်ချက်မှုများရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေး ညှိနှိုင်း ဖြည့်ဆည်းမှုများ ဆောင်ရွက်ရာတွင် COVID-19 ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter