COVID 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င်နိုင်ရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး အားပေးညှိနှိုင်းဆွေးနွေး

၃၀-၁၁-၂၀၂၀၊ နေပြည်တော်
COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င်နိုင်ရေး အားပေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက Zoom Meeting ဖြင့် ဆောင်ရွက်ခဲ့ရာ အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆရာ၀န်များအသင်းမှ တာ၀န်ရှိသူများနှင့် လူငယ်ရေးရာ ကော်မတီ၀င်များတက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအဆင့်စေတနာ့၀န်ထမ်း ဦးဆောင် အဖွဲ့ကို အတွင်းရေးမှူးရုံးအဖြစ် မိမိတို့၀န်ကြီးဌာနက တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့၀န်ထမ်းများကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆရာ၀န်အသင်းတို့နှင့် ပူးပေါင်း၍ သင်တန်းများပေးခြင်း၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်း၊ ပံ့ပိုးကူညီခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ယခုအခါ COVID-19 ကပ်ရောဂါ သည် ရန်ကုန်တိုင်းအပါအ၀င် ပြည်နယ်နှင့်တိုင်းအချို့တွင် ပြန့်ပွားဆဲဖြစ်ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသသည့် လုပ်ငန်းစဉ်များတွင် စေတနာ့၀န်ထမ်းများ လိုအပ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊  ပြည်နယ်နှင့်တိုင်းအလိုက် လူငယ်ရေးရာကော်မတီ၀င်များက COVID-19 ဖြစ်စဉ်များတွင် လူငယ်စေတနာ့၀န်ထမ်းများ လက်ရှိပါ၀င်မှုနှင့် ဆက်လက်ပါ၀င်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ တွေ့ကြုံရသောလိုအပ်ချက်များနှင့် အခက်ခဲများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ရန်ကုန်တိုင်းအတွင်းတွင် Fever Clinic များသည် ရောဂါဝေဒနာခံစားရသည့် ပြည်သူများ၏ လက်လှမ်းမီရာ နေရာများတွင်တည်ရှိသည့်အတွက် ပြည်သူများအားကိုးမှုများ ရှိကြောင်း၊ စေတနာ့၀န်ထမ်းများ လိုအပ်မှုလည်း ပိုမိုများလာသည်ဟု သိရှိရကြောင်း၊ Fever Clinic များကို တာ၀န်ယူ ဆောင်ရွက်နေကြသူများက လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းအတွင်းရှိ Fever Clinic များကို တာ၀န်ယူဆောင်ရွက်နေသော ပါမောက္ခ ဒေါက်တာမာမာကြည်က စေတနာ့၀န်ထမ်းများ၏ အခန်းကဏ္ဍနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် Fever Clinic များတွင် တာ၀န်ယူဆောင်ရွက်နေသော ဆရာ၀န်များ၊ စေတနာ့၀န်ထမ်းများက တွေ့ကြုံရသော အခက်ခဲများနှင့် စေတနာ့၀န်ထမ်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပါသည်။
ယင်းနောက် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာ၀တီတိုင်းတို့မှ လူငယ်ရေးရာ ကော်မတီများက စေတနာ့၀န်ထမ်းဆိုင်ရာ လိုအပ်ချက်များနှင့် တွေ့ကြုံရသော အခက်အခဲများကို ရှင်းလင်းဆွေးနွေးကြပါသည်။
 ထို့နောက် လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ၀န်ကြီးတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု၀န်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ယနေ့ဆွေးနွေးမှု အချက်အလက်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဆက်စပ်၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များကို ဆက်လက်တင်ပြဆောင်ရွက်ခြင်း၊ ဖြေရှင်း ဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter