လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်(မူကြမ်း) ဒုတိယအကြိမ်အားရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပပြုလုပ်

          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီမှ ဦးဆောင်၍ ဆက်စပ်ဌာနအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မည့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့် ရှောက်ရေး စီမံချက် (မူကြမ်း) ဒုတိယအကြိမ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး များ တက်ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကလမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် (မူကြမ်း) အားပထမအကြိမ်တွင် Desk Review ဖြင့် ဆွေးနွေး ခဲ့ပြီးဖြစ်ကြောင်း၊ စီမံချက်နယ်မြေနှင့် စီမံချက်ကာလများသတ်မှတ်ထားရှိခဲ့ပါကြောင်း၊ ယခုလက်ရှိ တွင် စီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan အား အတည်ပြုဆွေးနွေး ရန်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မကြာမီကျင်းပမည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လမ်းပေါ်နေ ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့အတွက် မြှင့်တင်ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊ ကလေးများ၏ Mindset ကို အဓိကပြောင်းလဲပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးကလမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ စနစ်တကျဆန်းစစ်လေ့လာခြင်း၊ စာရင်းရေးသွင်းခြင်း၊ အကဲဖြတ် မှတ်တမ်းတင်ခြင်း၊ လိုအပ်သည့် ထောက်ပံ့မှုများရရှိနိုင်ရန် ပံ့ပိုးပေးခြင်းနှင့် သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ဆောင်ရွက်ခြင်းတို့အပါအဝင် စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းနှင့် မှတ်တမ်း ထားရှိခြင်းတို့ကို စီမံချက်စတင်ချိန်မှ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဓိကမှာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပါ၍ စီမံချက်ဒေသများအလိုက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြား ဆက်စပ်ဌာနများမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များအားလူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုသင်တန်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း အသိပညာပေး သင်တန်းတို့ကိုထဲထဲဝင်ဝင် သင်ကြားပို့ချပေးထားရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကြိုတင်အသိပညာပေးအစီအစဉ်များ အပါအဝင် စီမံချက် နယ်မြေများအလိုက် ကလေးသူငယ်များနှင့် ယုံကြည်မှုတည်ဆောက်ရေးမှာ အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်နေကလေးများဖြစ်ရခြင်းကြောင့် ၎င်းတို့၏ အခက်အခဲများကို ခွဲခြမ်းစိတ်ဖြာနိုင်မှသာ လက်တွေ့ကျစွာဖြင့် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ စီမံချက်အပေါ် စတင်ဆောင်ရွက်ခြင်းမပြုမီကြိုတင် ပြင်ဆင်ရေးမှ အရေးကြီးပါကြောင်း၊ လတ်တလောတွင် ကနဦးစီမံချက်ဖြင့် ဆောင်ရွက်သော်လည်း ကလေးများ အတွက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

        လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ) က စီမံချက်(မူကြမ်း) ဒုတိယအကြိမ်နှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ် အသေးစိတ်တို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ကစီမံချက်အပေါ် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများ နှင့် အညီဆောင်ရွက်နိုင်ရေး၊ ဆန်းစစ်လေ့လာသည့် အချက်အလက်များအတွက် စာရင်းအင်း တိကျမှန်ကန်မှုရှိရေးနှင့် ပြန်လည်သုံးသပ်ခြင်း၊ အစီရင်ခံတင်ပြခြင်းတို့တွင် ခိုင်မာတိကျသည့် အချက်အလက်များ ဖြစ်ပေါ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်ပြီး နိုင်ငံ၏ စီမံကိန်းလုပ်ငန်းစဉ်များတွင် ထည့်သွင်းနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါ သည်။

         ဆက်လက်၍ ကနဦးစီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးမှူးတို့က စီမံချက်နယ်မြေ အလိုက် လမ်းပေါ်နေကလေးများ၏ အခြေအနေများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများအတွက် ဆောင်ရွက်ရာတွင် အဓိကမှာ ကလေးများကျောင်းတက်နိုင်ရေးဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်သင်ကြား နိုင်ခြင်းမရှိပါက သက်မွေးပညာများ သင်ကြားပေးနိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer များအားစနစ်တကျ သင်ကြားလေ့ကျင့်၍ ၎င်းတို့အတွက် ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်နိုင်ရေး၊  ကျောင်းပညာဆက်လက် သင်ကြားနိုင်မည့် ကလေးသူငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်မှ Conditional Cash Transfer Program ဖြင့် ထောက်ပံ့နိုင်ရေး၊ ကျောင်းပြင်ပ ပညာဆက်လက်သင်ကြားနိုင်မည့် ကလေးများအတွက် Mobile Schools အစီအစဉ်များ ဆောင်ရွက်၍ တိုင်းဒေသကြီး/ ပြည်နယ် များတွင် စီမံချက်နယ်မြေများတိုးချဲ့နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter