ပြည်ထောင်စုဝန်ကြီး၊ ကျောက်ဖြူမြို့၊ အမ်းမြို့၊ သံတွဲမြို့တို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ မူလတန်းကြိုကျောင်း၊ ရုံးဆောက်လုပ်မည့်မြေနေရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံး၊ သိုလှောင်ရုံတို့အားကြည့်ရှုစစ်ဆေးခြင်း

    ရခိုင်ပြည်နယ်တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် (၁၉-၁၂-၂၀၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် စီမံချက်များချမှတ်အကောင်အထည်ဖော်သွားမည့်အခြေအနေများ၊ အဆိုပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ကျရာနေရာမှပါဝင်နိုင်ရေး တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် တက်ကြွဂုဏ်ယူစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားပြီးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အမ်းမြို့၊ မူလတန်းကြို ကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာတင်ပြချက်များအပေါ်လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် အမ်းမြို့သို့ရောက်ရှိစဉ် (၂၀-၁၂-၂၀၂၁) နံနက်ပိုင်း တွင် နယ်စပ်ရေးရဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့ပြီး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ အိမ်တွင်းမှုအတတ်ပညာများ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သံတွဲမြို့သိုရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း ဆောက်လုပ်မည့်မြေနေရာနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှုးရုံး ဆောက်လုပ်မည့်မြေနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလအ တိုင်း စံချိန်စံညွှန်းမှီဆောက်လုပ်ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး သံတွဲမြို့တွင်အခြေပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသော မိမိတို့ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံကာရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပြီး တင်ပြချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံတွဲခရိုင်ဦးစီးမှူးရုံး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ရောက်ရှိပြီး သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ရမည့်အချက်များအား ဖြည့်စွက်လမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter