၂၀၂၂ ခုနှစ် အာဆီယံဆု(ASEAN Prize 2022) လျှောက်ထားနိုင်ကြောင်းကြေညာ

၁။    အာဆီယံဒေသအတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊ လူမှုအဖွဲ့အစည်းများ ချိတ်ဆက်မှုအားကောင်းစေရေးနှင့် ကပ်ရောဂါကြောင့် ထိခိုက်မှုများအား ပြန်လည်ထူထောင်ရေးအတွက် စံနမူနာအဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြသော လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများ၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်သိက္ခာကြီးမားသည့် ဒေသဆိုင်ရာဆုတစ်ခုဖြစ်သည့် ၂၀၂၂ ခုနှစ် အာဆီယံဆု (ASEAN Prize 2022) ကို ပေးအပ်ချီးမြှင့်သွားနိုင်ရန် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ အဆိုပြုလျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။
၂။    အဆိုပြုလျှောက်ထားသူများအနေဖြင့် အောက်ဖော်ပြပါနယ်ပယ်များတွင် တစ်ဖက်တစ်လမ်းမှ အားဖြည့်ဆောင်ရွက်နေသူများ ဖြစ်ရပါမည်-
    (က)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊
    ( ခ )    အာဆီယံနှင့်ကမ္ဘာတစ်ဝန်းအကြား စွမ်းစွမ်းတမံဆောင်ရွက်မှုများ၊
    ( ဂ )    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊ 
    (ဃ)    အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊
    ( င )    အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေသည့် စွမ်းစွမ်းတမံဆောင်ရွက်ချက်များ၊
၃။    လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ အပါအဝင် ထင်ရှားသည့်အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်ဒိုင်အဖွဲ့က ဆုရရှိသူကို ရွေးချယ်၍ အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။
၄။    အဆိုပါဆုအား လျှောက်ထားမည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံသား(သို့မဟုတ်) အာဆီယံအခြေစိုက်အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်း စည်းကမ်းကို အခြေပြုသည့် ပြည်သူဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်သူဖြစ်ရပါမည်။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို စာမျက်နှာ(၃) မျက်နှာမှ (၅) မျက်နှာအကြား အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။ လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်၏ အင်တာနက်စာမျက်နှာ https://asean.org/asean-prize/ တွင် ရယူနိုင်ပါသည်။
၅။    ၂၀၂၂ ခုနှစ် အာဆီယံဆုအတွက် အဆိုပြုလျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး ပြည့်စုံစွာ ဖြည့်စွက်ထားသည့် လျှောက်လွှာများကို အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော် (သို့မဟုတ်) [email protected] သို့ သတ်မှတ်ရက်ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားနိုင်ပါသည်။
 

FacebookTwitter