လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးကော်မတီနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီတို့၏ ပထမအကြိမ်ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ

    လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးကော်မတီနှင့်  သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီတို့၏ ပထမအကြိမ် ပူးပေါင်းညှိနှိုင်းအစည်းအဝေးကို (၁၅.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့ ဝန်ကြီးဌာနသည် လူမှုရေးပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစိုက်မတ်မတ်အားထုတ်လျက်ရှိပြီး လူမှုရေးပညာကို နိုင်ငံတကာအဆင့်မီဘွဲ့သင်တန်းများဖွင့်လှစ်၍  ဘွဲ့အပ်နှင်းနိုင်ရေးအတွက် ရေရှည်မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုရေးပညာတက္ကသိုလ်တစ်ခုကို နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ နိုင်ငံတော်အစီအစဉ်ဖြင့် နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်သွားမည့် Nay Pyi Taw State University ၏ တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်သွားရန် ကော်မတီဖွဲ့စည်းမှုကိုလည်း ယခုကဲ့သို့  “လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးကော်မတီ” နှင့် “သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီ” တို့အဖြစ်  ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ လူမှုရေးပညာအနေဖြင့် ပညာဌာန (Department) (သို့မဟုတ်) ဘွဲ့သင်တန်းများပို့ချသောကျောင်း (Graduate School) စသဖြင့် ပါဝင်လာမှာဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး၏ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက်တို့အရ သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ အတွက် လုပ်ငန်းအစီအစဉ်များ ချမှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုဝန်ထမ်းလုပ်ငန်းရပ်များသည်  အလွန်ကျယ်ပြန့်ပါကြောင်း၊ ပြည်သူလူထုအား ကူညီကယ်ဆယ်ထောက်ပံ့နေရသည့် လုပ်ငန်းရပ်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအတွက်သာမက မြန်မာ့လူ့အသိုင်းအဝိုင်း အတွက်ပါ အလွန်အရေးကြီးပါကြောင်း၊ ထိုလုပ်ငန်းရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်၍ အောင်မြင်စွာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းပညာရပ်များတွင် ကျွမ်းကျင်မှုမြင့်မားသည့် ပညာရှင်များမွေးထုတ်ပေးနိုင်ရေး လူမှုရေးပညာ တက္ကသိုလ်သည် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍အစည်းအဝေးတက်ရောက်လာကြသူများမှ မိမိတို့၏ အတွေ့အကြုံတွေကို မျှဝေရင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပညာတက္ကသိုလ်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အကြောင်းအရာများအား ဖြည့်စွက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် လူမှုရေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး မွန်းလွဲ (၁၂:၃၀) နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 
 

FacebookTwitter