၂၀၂၂ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကျင်းပခဲ့သည့် Gender ၊ CEDAW၊ UNSCR 1325 အသိပညာပေး Online သင်တန်းဖွင့်လှစ်ခြင်း (နေပြည်တော်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၉) ခုမှ တာဝန်ရှိသူများအတွက် Gender, CEDAW, NSPAW,  UNSCR 1325 online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂၀၂၂ခုနှစ်၊ မတ်လ (၁၇) ရက်နေ့၊  နံနက် (၉ : ၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ အပေါ် ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးနိုင်ရန် အတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဉပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ တစ်နေရာတည်းမှာ ဖြေရှင်းဆောင်ရွက် နိုင်သည့်စင်တာ (OSWSC)များဖွင့်လှစ်ခြင်း၊  Help Line ဝန်ဆောင်မှုများကို အားလုံးအကျုံးဝင် လက်လှမ်းမီစေရေးအတွက် တယ်လီဖုန်းဖြင့် သာမက Viber Message ပို့ခြင်း၊ Helpline-DSW Facebook Page Messenger မှတဆင့် Message ပေးပို့ တိုင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားစေရန် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (၁၁)ကျောင်း၊ လူမှုရေးအရအကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုလိုအပ်သော အမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (၂)ခု၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (၄)ခုနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (၁)ခုတို့ကို ဖွင့်လှစ်ပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ Theme ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ကျား၊ မ တန်းတူညီမျှစို့” အရ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များကို အောင်မြင်နိုင်ရန်အတွက် ကျား၊ မတန်းတူညီမျှရေးသည် အရေးကြီးပါကြောင်း၊ အမျိုးသမီးများ၏ဘဝ ပညာရည်မြင့်မား၍ အခွင့်အရေးများအား ကျား၊မတန်းတူညီမျှစွာရရှိနိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြတဲ့ ပညာရေးဝန်ကြီးဌာနမှ အရာရှိများအနေဖြင့် ယခုသင်တန်းမှရရှိတဲ့ ကျား၊မရေးရာ အခြေခံသဘောတရားများနှင့် တွဲဖက်၍ မိမိတို့လုပ်ငန်းခွင်အတွင်း ကျား၊မရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်နိုင်လိမ့်မယ်ဟု မျှော်လင့်မိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ စာမတတ်မြောက်မှု၊ အလုပ်အကိုင်မရရှိမှု၊ ဆင်းရဲနွမ်းပါမှုစတဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ကိစ္စရပ်များကို လျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

          သင်တန်းတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၉) ခုမှ သင်တန်းသား/သူ (၃၁)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၃.၂၀၂၂)နှင့် (၁၈.၃.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter