၂၀၂၂ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၂)အစည်းအဝေးအား မတ်လ(၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အမျိုးသမီးများ၏အခွင့်အရေးများနှင့် ကျား၊မ ဆိုင်ရာကိစ္စရပ်များကို အစိုးရ၏မူဝါဒများတွင် ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ၀န်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်နှင့် အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံအဆင့်လုပ်ငန်းယန္တရားတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိအမျိုးသမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ အမျိုးသမီးရေးရာကိစ္စရပ်များနှင့် ပတ်သက်၍  နိုင်ငံတကာနှင့်ဒေသတွင်းဆက်သွယ်ဆောင်ရွက်ပေးခြင်းတို့ကို အဓိကတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ် ချမှတ်၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးအရေးတက်ကြွစွာလှုပ်ရှားဆောင်ရွက်နေကြသည့်အမျိုးသမီးအဖွဲ့များကိုလည်း ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ ဒေသအလိုက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု၊ ခရိုင်(၇၄)ခု၊ မြို့နယ် (၃၃၀)တို့တွင် အမျိုးသမီးကော်မတီများကိုဒေသအဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီများအကြား သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေးကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် အစည်းအဝေး(၂)ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို လုပ်ငန်း ဧရိယာ (၁၂) ရပ်ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ NSPAW Phase I ကို ပြန်လည်သုံးသပ်ပြီး NSPAW Phase II ကို ရေးဆွဲနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ NSPAW အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် အဆင့်ဆင့်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီများ၏ စွမ်းရည်များသည် များစွာအရေးကြီးပါကြောင်း ၊အမျိုးသမီးများ၏ ဘဝကိုအားပေးမြှင့်တင်ခြင်းသည် ၎င်းတို့၏ မိသားစုကိုတိုးတက်စေခြင်းဖြစ်သလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှုတို့ကိုပါ ထပ်ဆင့်ရရှိစေမှာဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနှင့် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှသော အခွင့်အရေးများရရှိစေရန် ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးများသိရှိစေရန် အားကြိုးမာန်တက် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၁) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီများ၏ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည် ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များမှ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေ(၄:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter