လူမှုရေးပညာဆိုင်ရာ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် In Person ဖြင့် ဖွင့်လှစ်မည့် လူမှုရေးပညာဆိုင်ရာဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၁.၆.၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူမှုရေးပညာနှင့် လူမှုဝန်ထမ်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့ဝန်ကြီးဌာန ၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များဆောင်ရွက်ရာတွင် ကျွမ်းကျင်သည့်လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေးသည် နိုင်ငံအတွက်မဖြစ်မနေလိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များသည် လူသားများကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းရပ်ဖြစ်ပြီး လူမှုဝန်ထမ်းနယ်ပယ်သည် ကျယ်ပြန့်ပါကြောင်း၊ လူမှုဝန်ထမ်းပညာရပ်သည် Professional အလုပ်တစ်ခုဖြစ်သည့်အပြင် တိုင်းပြည်တည်ဆောက်ရေးတွင် လူမှုရေးပညာသည် အရေးကြီးပါကြောင်း၊ လူသားအချင်းချင်း ဝန်ဆောင်မှုပေးသည့်လုပ်ငန်းသည် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ်ဖို့လည်းအရေးကြီးပါကြောင်း၊ ကျွမ်းကျင်မှုဆိုရာတွင် စိတ်နေစိတ်ထားသည်လည်း အရေးကြီးပါကြောင်း၊ ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းရာတွင် လိုက်နာရမယ့် ကျင့်ဝတ် (Ethics) များနဲ့အညီ ဂရုဏာစိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ အလုပ်လုပ်ဖို့လည်း လိုအပ်ပါကြောင်း၊ လူမှုရေးဆိုင်ရာပြဿနာများအား ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ဖြစ်ရပ်တွေကို စီမံခန့်ခွဲမယ့် Case Managers များကိုလည်း မွေးထုတ်ပေးနေပါကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း (Case Management) လုပ်ငန်းဟာလည်း Professional အလုပ်တစ်ခုဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များတိုးတက်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှသာ လူမှုဘဝများတိုးတက်အောင် ကူညီနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းမှ ပို့ချသွားမည့် လူမှုရေးပညာ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများ၊ အတွေ့အကြုံများကိုအခြေခံ၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့် လူမှုရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်သော၊ အရည်အချင်းပြည့်ဝ၍ လုပ်ငန်းကျွမ်းကျင်သော၊ စွမ်းဆောင်ရည်မြင့်မားသော၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်နှင့်ညီညွတ်သော လူမှုဝန်ထမ်းသမားများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် လူမှုဝန်ထမ်းသမားများအတွက် အထူးအရေးကြီးသော သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းဟာ သိနားလည်မှု (Knowledge)၊ ကျွမ်းကျင်မှု (Skill) နှင့် ကျင့်ဝတ် (Ethics) စတာတွေနဲ့ဆောင်ရွက်ရတဲ့ Profession တစ်ခုဖြစ်ပါကြောင်း၊ ဒီအချက်တွေကို လူမှုရေးပညာ (Social Work Education) ကနေ လေ့လာသင်ယူနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေနဲ့ လူသားများ၏ လူမှုရေးဆိုင်ရာကိစ္စရပ်များအား ကူညီမှုများပေးနေရသည့် ဌာနတစ်ခုဖြစ်တဲ့အတွက် ပို၍အရေးကြီးပါကြောင်း၊ မိမိတို့ လူမှုဝန်ထမ်းသမားများအနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာ စတဲ့ နာ (၅) နာနဲ့အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းဖြင့် ကိုယ့်ဌာန၊ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။ 

     အဆိုပါသင်တန်းအား (၂၁.၆.၂၀၂၂) ရက်နေ့မှ (၂၅.၆.၂၀၂၂) ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း စုစုပေါင်း (၂၇) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ လူမှုရေးပညာရပ်ဆိုင်ရာ ခံယူချက်၊ အသိပညာများ ပြည့်ဝလာပြီး လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ 

FacebookTwitter