လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်ရပ်မှတ်တမ်းစာအုပ် အသုံးပြုသင်တန်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ဖွင့်လှစ်

     လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၃.၆.၂၀၂၂) ရက်နေ့မှ (၂၄.၆.၂၀၂၂) ရက်နေ့အထိ Onlineဖြင့် ဖွင့်လှစ်သင်ကြားမည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်ရပ်မှတ်တမ်းစာအုပ် အသုံးပြုသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန EC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ထိခိုက်လွယ်အုပ်စုဝင်များအား ကူညီခြင်းကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် ကလေးသူငယ်/ မသန်စွမ်း/ သက်ကြီးရွယ်အိုနှင့်အမျိုးသမီးတို့အား အဓိကထားကူညီပေးလျက်ရှိပါကြောင်း၊  Case Management စနစ်ကို ၂၀၁၅ ခုနှစ်မှာစတင်ခဲ့ပြီး ကလေးသူငယ်ဖြစ်ရပ်များကိုလည်းကောင်း၊ ၂၀၁၉ခုနှစ်မှာ အမျိုးသမီးအကြမ်း ဖက်ခံရသည့် ဖြစ်ရပ်များကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit- NCMSU) အဖွဲ့ကို အဖွဲ့ဝင် (၉) ဦးဖြင့် (၂၀၂၀) ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကူအညီလိုအပ်သည့်သူများကို Case Manager များမှတစ်ဆင့် ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ Working Group ဖွဲ့စည်းထားပြီး Review meeting လုပ်ဆောင်သည်များရှိသည်ကိုသိရပါကြောင်း၊ ကောင်းမွန်သည့်အစဉ်အလာတစ်ခုဖြစ်သည့်အတွက် (၆) လ (သို့) (၃) လတစ်ကြိမ် ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ယနေ့သင်တန်းဖြစ်သည့် သတင်းအချက်အလက်ရေးသွင်းခြင်းမှာ လွန်စွာအရေးကြီးသည့်အတွက် စဉ်ဆက်မပြတ်တိုးတက်စေရေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စနစ်တကျဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်များတိကျစွာရရှိမည်ဖြစ်ပါကြောင်း၊ လူတစ်ယောက်ခြင်းစီ၏ ဂုဏ်သိက္ခာအတွက် သတင်းအချက်အလက်များကို confidential လျှို့ဝှက်ထိမ်းသိမ်းထားရန်လိုအပ်ကြောင်းနှင့် Case Manager များအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်အပြင် အဓိကမှာစိတ်ထားတတ်ရန်အရေးကြီးပါကြောင်း၊ လူမှုရေးလုပ်ငန်းများမှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ဂရုဏာအပြင် ကိုယ်ချင်းစာစိတ်လည်း ထားရန်လိုအပ်မှာဖြစ်ပါကြောင်း၊ Help Line မှတစ်ဆင့် အကူအညီတောင်းခံလာခြင်များအား စာရင်းရေးသွင်းပြီး Case ခွဲ၍ ဖြေရှင်းနိုင်သူထံလွှဲပြောင်းပေးခြင်း၊ Follow Up လုပ်ဆောင်ခြင်းများဖြင့် ထိရောက်စွာကူညီဆောင်ရွက်လျက်ရှိသည့်အတွက် Case Manager များများ မွေးထုတ်ရန်လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများနှင် ဆရာ/ ဆရာမများကို ကျေးဇူးတင်ရှိပါကြောင်း၊ Case Management စနစ်အားကောင်း စေရန်အတွက် ယခုလို သင်တန်းများဆက်လက်ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း၊ ဒီထက်ပိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

     ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သင်တန်းများဖွင့်လှစ်ခြင်းသည် အဓိပ္ပါယ်ရှိပါကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းနှင့်သက်ဆိုင်သည့်လက်တွေ့အသုံးချရမည့် သင်တန်းဖြစ်ပါကြောင်း၊ သို့ဖြစ် ၍ သေချာမှတ်သားပြီး၊ အလွတ်ကျက်မှတ်ရန်ရှိက ကျက်မှတ်ရမှာဖြစ်ပါကြောင်း၊ တွေ့ကြုံရသည့် ဖြစ်ရပ်များအပေါ် နမူနာယူ၊ သင်ခန်းစာယူသုံးသပ်ပြီး ဆင်ခြင်တုံတရားဖြင့် ကူညီဖြေရှင်းပေးရမှာဖြစ်ပါကြောင်း၊ ထို့အပြင် Case များထပ်မံမဖြစ်ပွားစေရေး မည်သို့တားဆီးမည်၊ မည်သို့ထောက်ပံ့မည်တို့ကို စဉ်းစားသုံးသပ်ရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် လက်တွေ့အသုံးချရမည့် သင်တန်းဖြစ်ပြီး ဘဝအတွက်အထောက် အကူပြုသည့်သင်တန်းလည်းဖြစ်ပါကြောင်း ပြောကြားပါသည်။

     အဆိုပါသင်တန်းကိုဖွင့်လှစ်ခြင်းအားဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်အား ယခင်ကထက် ပိုမိုစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

FacebookTwitter