ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်း

     ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ (In Person/ Online) ပေါင်းစပ်သည့် Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များက Inperson ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

   ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့နှင့်မြှင့်တင်ဆောင်ရွက်ဖို့အတွက် အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ (၂၀) ရက်နေ့ကို World Children’s Day အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင်အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်မှာ (၃၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့နှင့်မြှင့်တင်ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊  INGOs/ NGOs များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး UNCRC ပါ ကလေးသူငယ်အခွင့်အရေးများကို Focal Ministry အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ကလေးသူငယ်များအားရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်းနှင့် ညစ်ညမ်းရုပ်ပုံများတားဆီးကာကွယ်ရေးဆိုင်ရာCRC နောက်ဆက်တွဲစာချုပ် (CRC-OPSC) နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းရဲ့ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC)တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မသန်စွမ်းကလေးသူငယ်များ၊ အရွယ်မတိုင်မီအလုပ်လုပ်နေရသော ကလေးများ၊ ရွှေ့ပြောင်းကလေးများ၊ လူကုန်ကူးခံရသောကလေးများ၊ ရင်ခွင်မဲ့ကလေးများ၊ လမ်းပေါ်နေကလေးများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသောကလေးများစသည့် ကလေးသူငယ်အမျိုးအစားအားလုံး အကျုံးဝင်စေရေးအတွက် စီမံချက်များချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်ခံရသည့် အခွင့်အရေးချိုးဖောက်မှုများ၊ သက်ငယ်မုဒိမ်းမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးကာယကံရှင်ကိုယ်တိုင်သော်လည်းကောင်း၊ သိရှိသူပြည်သူများမှလည်းကောင်း ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော Help Line နံပါတ် ၁၅၆၆ သို့ယုံကြည်စွာ တိုင်ကြားနိုင်ပြီး တိုင်ကြားသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၈) ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသနိုင်ငံများ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Government Award 2022 အားပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာသတင်းအချက်အလက်စီမံ ခန့်ခွဲမှုစနစ် Social Management Information System (SMIS) ၏ ကဏ္ဍတစ်ခုဖြစ်သော လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုသတင်းစနစ် (Case Management Information System –CMIS) အား တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းအချက်အလက်နည်းပညာဌာနနှင့် ပူးပေါင်းရေးဆွဲခဲ့ပြီး  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ပံ့ပိုးကူညီမှုဖြင့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် ASOCIO Digital Government Award 2022 အား ရရှိခဲ့ပါကြောင်း၊ အဆိုပါ CMIS Software Platform သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေး သူငယ်များ၊ ဥပဒေနှင့်ငြိစွန်း လျက်ရှိသောကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်း ဆိုင်ရာအလွဲသုံးစားပြုခြင်းခံရသူကလေးသူငယ်များ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးခံရသူကလေးသူငယ်များနှင့်အမျိုးသမီးများ၏ ဖြစ်ရပ်များအားလူမှုရေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ စနစ်တကျသုံးစွဲနိုင်ရန် ရေးဆွဲထားသော Digital Platform ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့ အတွက် ချမှတ်ပေးထားတဲ့ ဆောင်ပုဒ်မှာ “Inclusion, For Every Child” “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ဖြစ်ပြီး အားလုံးပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်တာကြောင့် အခြေခံကျသည့် အသက်ရှင်သန်ခွင့်(Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်(Protection)နှင့် ပါဝင်ဆောင်ရွက်ခွင့် (Participation) စတဲ့ ကလေးသူငယ်အခွင့်အရေး (၄)ရပ်ကို အလေးထားဂရုစိုက်ပြီး ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေဖို့၊ ကလေးသူငယ်အခွင့် အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိဖို့နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ဖို့အတွက် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍ အသီးသီးကနေ စဉ်ဆက်မပြတ်ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဗီဒီယိုပြသခြင်း၊ နေပြည်တော်ကလေးပြုစုရေးဌာနရှိကလေးများနှင့် နေပြည်တော်မူလတန်းကြိုကျောင်းများရှိကလေးများမှ တင်ဆက်ကပြခဲ့ပြီး၊ သရုပ်ဖော်တင်ဆက်ကပြသူကလေးများအား ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားအား နံနက် (၁၁:၂၅) မိနစ်တွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter