မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

   လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
   ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်ပေါ်ပေါက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ (၃၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ဖြစ်‌ကြောင်း၊ ကမ္ဘာ့ကလေးများနေ့သည် (၄၄)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် (UNCRC) ကို အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်အဖြစ် ၁၉၈၉ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် အတည်ပြုခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး၊ ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအကျိုးကို မြှင့်တင်ရန်နှင့် ကလေးသူငယ်များအတွက် အကျိုးကျေးဇူးများ ရရှိစေမည့်ကိစ္စရပ်များကို ဦးဆောင်လှုပ်ရှားမှုများ ရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးသူငယ်များကြုံတွေ့နေရသောလွဲမှားစွာပြုကျင့်ခံရခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းများနှင့် ခွဲခြားဆက်ဆံမှုခံရခြင်းများကို အများပြည်သူများသိရှိပြီး ဝိုင်းဝန်းကာကွယ်တားဆီးစောင့်ရှောက်ပေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှုးပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအား မိဘအုပ်ထိန်းသူများအပါအဝင် ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ကလေးသူငယ်ကိစ္စရပ်များဖြစ်ပွားပါက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်တာကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထားဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်၍ လုံခြုံစိတ်ချရသော အနာဂတ်တစ်ခုဖန်တီး‌ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဗီဒီယိုအားပြသခဲ့ပြီး၊ မကွေးကလေးပြုစု‌ရေးဌာနမှ ရင်သွေးငယ်များက ဗွေးတုတ်တေးသီချင်းဖြင့်လည်းကောင်း၊ မကွေးမူလတန်းကြိုကျောင်းမှ ရင်းသွးငယ်များမှ မင်္ဂလာပါ တေးသီချင်းဖြင့်လည်းကောင်း၊ မိခင်မေတ္တာမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များက တောင်ယာဝင်ချိန် တေးသီချင်းဖြင့်လည်းကောင်း တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ကပြဖျော်ဖြေခဲ့ကြသည့် ရင်သွေးငယ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က ဆုငွေနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ကာ၊ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter