ကလေးအလုပ်သမားဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲ

    ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ရွာအတွင်းရှိ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသောဖြစ်ရပ်များ၊ သဘာဝဘေးကြောင့်ဖြစ်စေ၊ ပဋိပက္ခကြောင့်ဖြစ်စေ ထိခိုက်ခံစားရသောကလေးသူငယ်များ၊ ကလေးအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ မတရားခိုင်းစေခြင်းများမှ အကာအကွယ်ပေးခြင်းကိုလည်း လိုအပ်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးအလုပ်သမားဆိုင်ရာ ကိစ္စရပ်များအား ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု စနစ်တည်ထောင်ထားပြီး ထိခိုက်ခံစားရသူတို့၏ လူမှုရေးဆိုင်ရာပြဿနာများ ဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့်ပေးထားသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများကို အရည်အသွေး မြင့်မားစေရန် အတွက်ရည်ရွယ်ခြင်းဖြစ်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ၏အကူအညီဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ လက်အောက်ရှိ အသိပညာပေးရေးစွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ (၁/၂၀၂၂) အစည်းအဝေး၏ ဆုံးဖြတ်ချက်အမှတ်(၅)အရ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ကလေးလုပ်သား ပြဿနာများပါ ပိုမိုအကျုံးဝင် ချိတ်ဆက်ဆောင်ရွက်ရန် ဆုံးဖြတ်ထားခြင်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်၍ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုပေးရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေနဲ့လည်း တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ၊ ကြီးကြပ်သူများ ပါဝင်တက်ရောက်သဖြင့်ဌာန အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းအပြင် ဝန်ဆောင်မှုပေးခြင်းများအား အသိပညာဖလှယ်ခွင့်ရရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    အဆိုပါ “ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ် (၂)” တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်း (၅) ဦး၊ နေပြည်တော်ကောင်စီ အပါအဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (၁၅) ဦး၊ ဦးစီးဌာန (ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်း (၂၀) ဦးနှင့် စုစုပေါင်းသင်တန်း (၄၀) ဦးဖြင့် (၉.၃.၂၀၂၃) ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့ အထိ (၂) ရက်တာဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်များ၏ ပြဿနာများကြုံတွေ့လာရပါက သင်တန်းမှရရှိသော အသိပညာများဖြင့် လူမှုရေး ပြဿနာများအား လူမှုဝန်ထမ်းနည်းလမ်းအသုံးပြု၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ခြင်း၊ ညွှန်းပို့ခြင်းဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter