မသန်စွမ်းသင်တန်းကျောင်း (၈) ကျောင်း၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

    မသန်စွမ်းသင်တန်းကျောင်း (၈)ကျောင်း၏ (၁) နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား  ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၁၅.၆.၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးများမှ ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများ၊ သင်တန်တာဝန်ခံများ၊ မသန်စွမ်း သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ICT Training Center မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      ညှိနှိုင်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မသန်စွမ်းသင်တန်းကျောင်းများအနေဖြင့် တစ်နှစ်တာကာလအတွင်း လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ ဘာသာရပ်ဆိုင်ရာနည်းပညာ များအပါအဝင် တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို  SWOT Analysis အသုံးပြုပြီး အကဲဖြတ်သုံးသပ်တင်ပြကြစေလိုပါကြောင်း၊ လက်ခံစောင့်ရှောက်ထားသော ကလေးများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်များ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အခြေခံထား၍ ဌာနက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ”ပါ အခြေခံမူ (၄) ရပ်ဖြစ်တဲ့  ကလေး၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု့ဆောင်ရွက်ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်၏သဘောထားအမြင်ကိုလေးစားခြင်းများကို သတိထားလိုက်နာဆောင်ရွက်ကြရန်နှင့် ကျောင်းများတွင် ကိုယ်စိတ်နှစ်ပါးချမ်းသာစွာ ပျော်ပျော်ရွှင်ရွှင်  သင်ကြားလေ့ကျင့် တတ်မြောက်နိုင်ကြစေရန်၊ ထမင်းကျွေးရုံ၊ လက်ခံထိန်းသိမ်းရုံ ပြုစုစောင့်ရှောက်ပေးခြင်းမျိုး မဟုတ်ဘဲကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးကြရန် နှင့် ဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး ဦးစီးမှူးများကလည်း ကြီးကြပ်ပေးကြရန် အထူးမှာကြားလိုပါကြောင်း၊ မသန်စွမ်းသင်တန်းကျောင်း (၈) ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းသား/သူ (၂၇၄) ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (၇၀၅) ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် (၇၈၄) ဦး ဖြစ်သည့် အတွက် ကျောင်းသား/သူဦးရေသည် တဖြည်းဖြည်းပြန်လည်တိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ကျောင်းအားလုံး၏ လက်ခံနိုင်သည့် ကျောင်းသား/သူဦးရေသည် (၁,၁၅၀) ဦးဖြစ်သည့်အတွက် ကျောင်းသား/သူဦးရေ တိုးတက်လာရန် သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြကြစေလိုပါကြောင်း၊ (၁၂) ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မျက်မမြင်ဂိုးလ်ဘောအားကစားနည်း၌ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းမှ တတိယကြေးတံဆိပ်ရရှိခဲ့သည့်အတွက် မျက်မမြင် ကျောင်းများတွင် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး  ဂိုးလ်ဘောအားကစားနည်းကို စနစ်တကျ လေ့ကျင့်သင်ကြား‌ပေးစေလိုပါကြောင်း၊ အစည်းအဝေးတွင် တင်ပြလာသောအချက်များကို ညှိနှိုင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးကို ကျင်းပခဲ့ရာ တက်ရောက်လာသူများက သင်တန်းများ၊ ကျောင်းများအလိုက် တင်ပြဆွေးနွေးခဲ့မှုများအပေါ်  ညွှန်ကြားရေးမှူးချုပ်မှလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီးအစည်းအဝေးကို ညနေ (၁၇:၀၀) နာရီတွင်ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter