၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနား

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ စာတမ်းဖတ်ပွဲအခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ 
     ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့စီးပွားရေးကို မြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန် မြို့ပြနှင့်ကျေးလက်ဒေသရှိ အမျိုးသမီးများရဲ့ စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရေးအတွက် ကာလတို၊ ကာလရှည် စီမံချက် များရွေးဆွဲချမှတ်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချ၍လည်းကောင်း အမျိုးသမီးများရဲ့ လူမှုစီးပွားဘဝတိုးတက်ဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး (Gender Mainstreaming) ဖြစ်စေရေးအတွက် ၀န်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နဲ့ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံအဆင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းထားရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့အတူ ယခုကဲ့သို့စာတမ်းဖတ်ပွဲကျင်းပခြင်းဟာ နိုင်ငံအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ Sustainable Development Goal (SDG-5) ကျား၊ မ တန်းတူညီမျှမှုရရှိရေးနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များအားလုံးရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများအနက် လုပ်ငန်းတစ်ခုပင်ဖြစ်ပြီး စာတမ်းဖတ်ပွဲကို အစဉ်အလာတစ်ရပ်အနေနဲ့ကျင်းပခြင်းဟာ အလွန်ကိုတန်ဖိုးရှိပြီး ထိန်းသိမ်းသင့်တဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ စာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ အသီးသီး၏ Gender Focal Person များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ 
     ဆက်လက်ပြီး စာတမ်းဖတ်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ မျိုးမြတ်မောင်က ASEAN Gender Mainstreaming Strategic Framework (AGMSF) (2021-2025) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သူဇာဝေက အမျိုးသမီးများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပါမောက္ခ ဒေါက်တာဒေါ်ခင်မေအုန်းက အမျိုးသမီးများနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး စာတမ်းဖတ်ကြားခဲ့ကြရာ တက်ရောက်လာသူများက မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။  
     ဆက်လက်၍ စာတမ်းရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter