လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထူးချွန်မသန်စွမ်းအားကစားသမား ဝန်ထမ်းများ၊ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများနှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဝန်ထမ်း၊ ဝန်ထမ်းမိသားစုပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနား

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ (၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်းအခမ်းအနားကို (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရရှိသော မသန်စွမ်းအားကစားသမားများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့်အားကစားကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီး မသန်စွမ်းအားကစားသမားများ စွမ်းဆောင်ရည်မြင့်မားရေး၊ မျိုးဆက်သစ်မသန်စွမ်းအားကစားသမားများ ပေါ်ထွန်းလာရေး ဆောင်ရွက်ပေးလျက်ရှိသလို ဝန်ကြီးဌာနရှိ မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမား ဝန်ထမ်းများကိုလည်း အားပေးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို  မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်ငံအလိုက်အဆင့် (၆) ရရှိခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ထက်ထက်အေးက ရွှေတံဆိပ် (၂) ခုနှင့် ကြေးတံဆိပ် (၁) ခု၊ ဦးမျိုးမင်းဦး၊ လူမှုဝန်ထမ်း-၄ နှင့် မောင်ဟန်ပိုင်စိုး၊ ကျောင်းသားတို့က အဖွဲ့လိုက်ကြေးတံဆိပ် (၁) ခု၊ မောင်ကောင်းစံ၊ ကျောင်းသားက ကြေးတံဆိပ် (၁) ခု၊ စုစုပေါင်းဆုတံဆိပ် (၅) ခု ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာကို တွေ့ရှိရပါကြောင်း၊ နိုင်ငံနှင့်မိမိဝန်ကြီးဌာန ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် မသန်စွမ်းအားကစားသမား ဝန်ထမ်းများအတွက် ဂုဏ်ပြုအခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း၊  မသန်စွမ်းအားကစားသမားများအနေဖြင့်လည်း ရှေ့လာမည့်ပြိုင်ပွဲများတွင် ပိုမိုကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်သူ (၁၃) ဦး အပါအဝင် စုစုပေါင်း (၃၃)ဦး၊ ယခုပညာသင်နှစ်အတွက် ဝန်ကြီးဌာန တစ်ခုလုံးရှိ ဝန်ထမ်းသားသမီး ကျောင်းသား / ကျောင်းသူများ မူလတန်းအဆင့် (၆၉၆) ဦး၊ အလယ်တန်းအဆင့် (၂၃၅) ဦး၊ အထက်တန်းအဆင့် (၁၆၅) ဦးနှင့် တက္ကသိုလ်အဆင့် (၃၈၄) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၄၈၀) ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များမှ ထူးချွန်သူများကို ဂုဏ်ပြုချီးမြှင့်လျက်ရှိသလို ထူးချွန်သူ၊ ကြိုးစားသူများကိုလည်း မြေတောင် မြှောက်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာန ဝန်ထမ်းသား/သမီး၊ ကျောင်းသား / ကျောင်းသူများအနေဖြင့်လည်း ထူးချွန်စွာအောင်မြင်သွားကြသည့် အစ်ကို၊ အစ်မများကို အတုယူ၍ လိမ္မာ၊ ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအဖြစ် ပိုမိုကြိုးစားအားထုတ်စေလိုပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့ရင်သွေး သား/ သမီးများကို ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရန် သား/ သမီးများ၏ လက်ဦးဆရာပီသစွာဖြင့် ပြုမူ၊ ပြောဆို၊ နေထိုင်ပြုစုစောင့်ရှောက်ရင်း မိမိတို့ ရင်သွေးများ၏ အနာဂတ်အတွက် ပညာရေးကို အားပေးချီးမြှောက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ထူးချွန်မသန်စွမ်း အားကစားသမားများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ သား၊ သမီးများနှင့် ပညာသင်ထောက်ပံ့ကြေးရရှိသူ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း စည်းကမ်းလိုက်နာပြီး၊ ထူးချွန်ထက်မြက်သူများဖြစ်အောင်၊ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်လိုစိတ်မွေးမြူပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်ကောင်းများ ထားရှိပြီး ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုက်တွန်းမှာကြားခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာနရှိ ထူးချွန်မသန်စွမ်းအားကစားသမားများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်အောင်မြင်သူ ဝန်ထမ်း သား/ သမီးများနှင့် ယခုပညာသင်နှစ်အတွက် ဝန်ထမ်းမိသာစု စုစုပေါင်း (၁,၅၁၇)ဦးအတွက် ချီးမြှင့်ငွေနှင့် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း( ၂၄,၂၃၅,၀၀၀ ကျပ်) ကို ထူးချွန်အားကစားသမားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု သား/သမီးများထံ ထောက်ပံ့ပေး အပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား ထူးချွန်မသန်စွမ်းအားကစားသမား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter