၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

    ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၀.၇.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ Virtual ပုံစံဖြင့်ကျင်းပခဲ့ပါသည်။

     ပထမဦးစွာ ညွှန်ကြားရေးမှူးချုပ်က လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးသူငယ်တွေအတွက် အဓိကတာဝန်ယူဆောင်ရွက်ရတဲ့ ဦးစီးဌာနဖြစ်ပြီး မိမိတို့ရဲ့ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပေးနေရတဲ့ ကလေးတွေရဲ့အောင်မြင်မှုဟာ ဦးစီးဌာနရဲ့ဦးတည်ချက်၊ ရည်မှန်းချက်များပြည့်မြောက်ခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် လူသားစွမ်းအားစုများကို ပြုစုပျိုးထောင်ပေးခြင်းရဲ့ ရလာဒ်ကောင်းများကို တွေ့ကြုံခံစားရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်း (၆) ကျောင်းမှ ကျောင်းသား/သူ (၁၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ယခု (၇) ဦးအောင်မြင်ခဲ့ပြီး (၁) ဘာသာဂုဏ်ထူးဆု (၂) ဦးရရှိခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဦးစီးမှူးများ၊ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်သွားဖို့မှာကြားလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူတွေအနေနဲ့လည်း လက်ရှိရရှိထားတဲ့ အောင်မြင်မှုတွေအပြင် မိမိတို့ရေရှည်ဘဝအတွက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ လူငယ်များအနေဖြင့် “အချိန်” ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတစ်ခုဖြစ်တာကြောင့် “အချိန်ရှိခိုက် လုံ့လစိုက်" ကြဖို့လိုအပ်ပါကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးက ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား (၃) ဦးနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ကျောင်းသူ (၁) အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးက မန္တလေးလူငယ်သင်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား (၁) ဦးနှင့် (၁) ဘာသာဂုဏ်ထူးဆုရ ကျောင်းသား (၂) ဦးအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများ ကိုယ်စား ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသားမောင်အောင်မြတ်ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများတွင် ပညာရေးတိုးတက်မြင့်မားရေးအပြင် တစ်ဦးချင်းစီ၏ ထူးချွန်ထက်မြက်မှုအလိုက် ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ အားကစားကဏ္ဍတွင် ထူးချွန်ရေးအတွက် စီမံချက်ချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။ တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်များက လိုအပ်ချက်များတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား နေ့လယ် (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

     အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာခရိုင်ဦးစီးမှူးများ၊ လူငယ်သင်တန်းကျောင်း (၁၁) ကျောင်းမှ ကျောင်းအုပ်များ၊ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter