လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်း အချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉:၃ဝ) နာရီအချိန်တွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ရေ၊လေ)၊ သတင်းနည်းပညာဌာနမှ ဌာနမှူး၊ နည်းပညာအရာရှိများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာ၌ ကိုယ်ဝန်ဆောင်မိခင်များနဲ့ ၎င်းတို့မှ မွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer Program) ကို ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ ငွေကြေးထောက်ပံ့မှုအစီအစဉ်တွေအနေနဲ့ လုပ်ငန်းပမာဏကြီးမားလာပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို Manual စနစ်ကနေ Digital Platform စနစ်တစ်ခုကို အသုံးပြုပြီး အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့အတွက် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်း အချက်အလက်စနစ် (Social Management Information System – SMIS) Software ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနရဲ့ နည်းပညာပံ့ပိုးကူညီမှုနဲ့ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ SMIS စနစ်ကိုတည်ထောင်နိုင်တဲ့အတွက်စာရင်းသွင်းလျှောက်ထားလာသူများရဲ့ အချက်အလက်များကို လွယ်ကူစွာ အတည်ပြုနိုင်ပြီး စာရင်းထပ်ခြင်းများကို ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို တည်ဆောက်ခြင်းအားဖြင့် တိကျတဲ့ထောက်ပံ့မှုစနစ်၊ ထောက်ပံ့ကြေးကိုအလိုအလျောက် တွက်ချက်ပေးသည့် စနစ်များကြောင့် စာရင်းစစ်ဆေးမှုခံယူရာတွင်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင် အကျိုးခံစားခွင့်ရှိသူများ၏ အတည်ပြုစာရင်းများ (Payment Sheet) ထွက်ရှိသည့်အထိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြတဲ့ သင်တန်းသား/ သင်တန်းသူများအနေနဲ့လည်း  မိမိတို့ရဲ့လုပ်ဖော်ကိုင်ဖက်များကို လက်ဆင့်ကမ်း ပြန်လည်သင်ကြားနိုင်ရေးအတွက် နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြု အလေးအနက်ထားပြီး လိုက်နာသင်ယူသွားကြဖို့ ပြောကြားခဲ့ပါသည်။

      အဆိုပါ လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များက သင်တန်းသား/ သူ (၁၀၉) ဦးဖြင့် (၂၄.၇.၂၀၂၃) ရက်နေ့မှ (၂၉.၇.၂၀၂၃) ရက်နေ့အထိ (၆)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter