Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်း ကျင်းပပြုလုပ်ခြင်း

           အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားလေ့ကျင့်ရေးစခန်း (Goal Camp)၊ Multipurpose Hall နေပြည်တော်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းအား ၁၈.၇.၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားလေ့ကျင့်ရေးစခန်း (Goal Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား(၃၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။  
        အဆိုပါအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်ရေးရာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ ကဏ္ဍများကို ပိုမိုသိရှိနားလည်စေရန်နှင့် လူငယ်ရေးရာမူဝါဒ၏ ကဏ္ဍတစ်ခုဖြစ်သည့် ကျား၊ မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်လာစေရေးကို ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အခြေခံအကျဆုံးဖြစ်သော မိသားစုတာဝန်ကစ၍ ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်နေရပါကြောင်း၊ နိုင်ငံတကာနှင့် အာဆီယံဒေသအဆင့်တွင် မြန်မာနိုင်ငံ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နေမှုများကို သိရှိရပါကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်ရေးရာမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက် ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကို ဆောင်ရွက်နေကြပြီဖြစ်ကာ အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အမျိုးသမီးထုကြီး၏ အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် အမျိုးသမီးအခွင့်အရေးများကို အလေးထားဆောင်ရွက်ပြီး စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင် ရန်ရည်ရွယ်၍ ယခုသင်တန်းကို ပူးပေါင်းဖွင့်လှစ်ပေးပါသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
      ဆက်လက်၍ သင်တန်းနည်းပြများနှင့် လူငယ်ရေးရာဦးစီးဌာနများမှ သင်တန်းသား (၃၃)ဦးတို့က မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၀:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ညနေ(၀၆:၄၅) နာရီတွင် သင်တန်းပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter