မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

     မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်က နေပြည်တော်၊ Horizon Lake View ဟိုတယ်၊ သရဖီခန်းမ၌ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် အကြီးအကဲ (၂) ဦး၏ ဇနီးတို့က တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

     အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာစာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင်ပါဝင်ခွင့်ရရှိစေရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တက်ကြွစွာဆောင်ရွက်ပေးနေသလို ပြည်ထောင်စုအဆင့်မှာသာမက လက်ရှိဖွဲ့စည်းထားပြီးဖြစ်တဲ့ တိုင်းဒေသကြီး၊ပြည်နယ်နှင့်ခရိုင်တို့မှာလည်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းအဖွဲ့များဖွဲ့စည်းပြီး တက်ကြွစွာပါဝင်ဆောင်ရွက်နေကြပါကြောင်း၊ လက်ရှိနိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ခုအနက်မှ ပန်းတိုင်(၅)ဖြစ်သည့် “ကျား၊ မ တန်းတူညီမျှမှုကို ရရှိရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ရန်” ဆိုသည့် ရည်မှန်းချက်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ခုအောက်ရှိ ကဏ္ဍပေါင်းစုံမှအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ASEAN Gender Mainstreaming Strategic Framework-AGMSF (2021-2025)ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း ဤအသင်းကပါဝင်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကိုဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက အိမ်တွင်းလက်မှုထည်ပစ္စည်းများထုတ်လုပ်ခြင်း  (ဝါးလက်မှု)သင်တန်းပေးခြင်းတွင် ပံ့ပိုးပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် နေပြည်တော် လယ်ဝေးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ သကြားဟင်းအိုးကျေးရွာတို့မှာရှိသည့် ဒေသခံအမျိုးသမီးဦးဆောင်သူ (၂၀)ဦးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း နည်းပညာများရရှိပြီး ဝင်ငွေရအလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ၎င်းအပြင် အမျိုးသမီးများ အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်ပြီး ပိုးချည်ဖြင့် ပန်းခြောက်ပြုလုပ်နည်းသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်း၊ စိုက်ပျိုးမွေးမြူရေးသင်တန်းများကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးရေးအတွက်များစွာဂုဏ်ယူပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်းရှိပြီး၊ အမျိုးသားဦးရေ ၂၆.၇ သန်းနှင့် အမျိုးသမီးဦးရေမှာ ၂၉.၁ သန်းရှိသောကြောင့် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၂ သန်းကျော်ပိုမိုများပြားလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးစွမ်းအားစုကြီး၏ စွမ်းဆောင်ပါဝင်မှုကို ထိထိရောက်ရောက်ရယူနိုင်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင်ပါဝင်သည့် အမျိုးသမီးအဖွဲ့များအားလုံးက စုစည်းညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသပါသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း (၁၀)နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုများကို ဂုဏ်ပြုမှတ်တမ်းတင်ကြေညာခဲ့ပါသည်။  
    အစီအစဉ်ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အသင်းဝင်များ၊ တာဝန်ရှိသူများနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြဌာန်းလိုက်သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြပါကြောင်း သတင်းရရှိပါသည်။


 

FacebookTwitter