လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း CMIS Database Training လက်တွေ့အသုံးပြုခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်

    လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Case Management Information System-CMIS) Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်းသင်တန်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များအပါအဝင် အထူးစောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၏ အချက်အလက်များအား SMISစနစ်ဖြင့် လက်တွေ့ အသုံးပြုနိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနမှ နည်းပညာအကူအညီပေး၍ရေးဆွဲခဲ့ရာ Case Management Program ရေးဆွဲဆောင်ရွက်မှု (၉၀%)၊ CMIS Software Digital Platform အသုံးပြုမှု (၉၀%) ရေးဆွဲပြီးစီးပြီးဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် CMIS Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်းသင်တန်း” ကို ပထမအကြိမ်အနေဖြင့် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် (၁၂.၆.၂၀၂၃) ရက်နေ့မှ (၁၆.၆.၂၀၂၃) ရက်နေ့အထိ စုစုပေါင်းသင်တန်းသား (၆၅) ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး ယခုသည် ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများပိုမိုကောင်းမွန် ထိရောက်လာစေခြင်း၊ သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်း၊ ထိန်းသိမ်းထားနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ကြောင်းနှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် (SMIS) Software ကို ယခုကဲ့သို့ လက်တွေ့အသုံးချပြီး ဆောင်ရွက်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အပြည့်အဝကူညီပေးခဲ့ပါသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
   အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ သတင်းနည်းပညာဌာနမှ  တာဝန်ရှိသူများနှင့် ရုံးချုပ်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀) ဦး  တက်ရောက်ခဲ့ပြီး၊ သင်တန်းကို (၁၄.၈.၂၀၂၃) ရက်နေ့မှ (၁၈.၈.၂၀၂၃) ရက်နေ့ထိ (၅) ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter