ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ် (၁၂)ရပ် အလိုက်ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ် (၁၂)ရပ်အတွက် ရေးဆွဲထားသည့် စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၅)ရက်နေ့ ၊နံနက် (၉း၀၀) နာရီတွင်၊ နေပြည်တော်ရှိ Kumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃ -၂၀၃၂ )ရေးဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃ - ၂၀၃၂ )ရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
     အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်အနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈သန်းရှိပြီး၊ အမျိုးသားဦးရေသည် ၂၆.၇သန်းဖြစ်ပြီး အမျိုးသမီးဦးရေသည် ၂၉.၁ သန်းရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏စွမ်းဆောင်ရည်ကို မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၃-၈-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ ဦးဆောင်ကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုလည်း ထပ်မံပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာ ဦးဆောင်ကော်မတီသို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ လုပ်ငန်းနယ်ပယ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကရေးဆွဲထားသည့် လုပ်ငန်းစီမံကိန်းများနှင့်ချိတ်ဆက်ကာ ကျား၊ မရေးရာထည့်သွင်းစဉ်းစားခြင်း (Gender Mainstreaming) ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီဝင်များ၏ လမ်းညွန်မှုနှင့်အတူ လုပ်ငန်းကော်မတီအားလုံးက ဝိုင်းဝန်းပူးပေါင်းရေးဆွဲဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရေးဆိုင်ရာလုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီအသီးသီးက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူရေးဆွဲထားကြသည့် အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ် စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ကာ အလုပ်ရုံဆွေးနွေးပွဲအား ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

FacebookTwitter