လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှု့စစ်ဆေးခြင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ခဲ့ပြီး သင်တန်းကျောင်းကျောင်းအုပ်မှ သင်တန်းသူများ စောင့်ရှောက်ထားရှိမှုအခြေအနေ၊ သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများ၊ ထုတ်ကုန်ပစ္စည်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးက ခရိုင်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ 
    ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများ၏ ကျောင်းတည်နေရာပြမြေပုံအား ရှင်းလင်းပြီး ကြည့်ရှုရလွယ်ကူရန် ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတင်ပြရန်၊ ကျန်းမာရေးစောင့်ရှောက်နိုင်ရေးအတွက် သူနာပြုအကူသင်တန်း တက်ရောက်ပြီးသူများအား မွမ်းမံသင်တန်းများထပ်မံပေးရန်၊ သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဦးစားပေးဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြု အိမ်တွင်းမှုသင်တန်းများအား ရပ်ရွာ၏လိုအပ်ချက်နှင့်အညီ ဖွင့်လှစ်ပေးရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ 
   ဆက်လက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည့်နေရာကို ကြည့်ရှုခဲ့ပါသည်။ ကျောင်းဝင်းအတွင်းရှိ (၂)ထပ် ကျောင်းဆောင်ဟောင်းပြုပြင်နိုင်ရေးအတွက် ကြည့်ရှုပြီးလိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းနောက် သင်တန်းသူများ အလုပ်လုပ်ကိုင်လျက်ရှိသော ယက္ကန်းရုံ၊ စက်ချုပ်ခန်း၊ လက်မှုခန်းနှင့် အရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ‌ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ခေတ်ကာလနှင့်လျော်ညီသော အရည်အသွေးဝင်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာနတွင် စောင့်ရှောက်ထားသော အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျန်းမာရေးတို့အတွက် လမ်းညွှန်မှုများပေးခဲ့ပါသည်။ 
   ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် လက်ရှိကျောင်းသူ (၁၄၁)ဦး လက်ခံစောင့်ရှောက်ထားပြီး ယင်းကျောင်းသူများအနက် အမြဲတမ်းဝန်ထမ်း (၉)ဦး၊ နေ့စားဝန်ထမ်း (၃၁)ဦး၊ ကျောင်းတွင်းယက္ကန်းအလုပ်ရုံတွင် (၁၂)ဦး၊ စက်ချုပ်/ လက်ပန်းထိုးခန်းတွင် (၂၃)ဦး (မသန်စွမ်းသူ ၁၁ ဦး အပါအဝင်)၊ ဆံပင်ကြိုးထိုးလုပ်ငန်းတွင် (၁၂)ဦး၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးနှင့် အကူသူနာပြု သင်တန်းသို့တက်ရောက်နေသူ (၁၅)ဦး စုစုပေါင်း (၁၀၂)ဦး အလုပ်အကိုင်အခွင့်အလမ်း ရရှိလျက်ရှိပါသည်။ အလုပ်လုပ်ကိုင်င်နိုင်ခြင်းမရှိသော အသက်ကြီးသူ(၆)ဦး၊ မသန်စွမ်းသူ (၃)ဦး၊ စိတ်ကျန်းမာရေးကုသမှုခံယူနေရသူ (၃၀)ဦး စုစုပေါင်း (၃၉)ဦးကို စောင့်ရှောက်ထားရှိပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter