“ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်ခြင်း အခမ်းအနား

     ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Amara ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
    ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၀၆ ပါ အကောင်အထည်ဖော်ရမည့် အချက် (၃)ချက်နှင့် ပူးတွဲကြေညာချက်ပါဦးစားပေးကဏ္ဍ (၆)ရပ်တို့အပေါ်မူတည်ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုရေးဆွဲထားရှိကာ အကောင်အထည်ဖော်မှုကို နှစ်ကာလသတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပဋိပက္ခအတွင်း အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်တို့အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းအစီအမံများချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုသင်တန်းတွင် ဘာသာရပ်အမျိုးအစား (၁၁) မျိုးကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းသဘောမျိုးမဟုတ်ဘဲ အပြန်အလှန် အတွေ့အကြုံဖလှယ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
    သင်တန်း၌ ဘာသာရပ်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့မှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခြင်းဖြင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစီမံချက်၏ဆောင်ရွက်ချက်များကို သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
    အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ဘာသာရပ်ပို့ချမည့်သူများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter