ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် မူလတန်းကြိုကျောင်းများအား ကြည့်ရှုစစ်ဆေးခြင်း

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို (၃.၁၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများကဲ့သို့ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်၍ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်မှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် စုစုပေါင်း (၆၈,၈၄၃) ဦးနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂၇၈၂)ဦးကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာ/ရိပ်သာ(၅၉)ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၀၁)ကျောင်းတို့အတွက် ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ကြေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေးထံသို့လည်းကောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ကြေးများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ရှမ်းရိုးမဘိုးဘွားရိပ်သာမှ ကြီးကြပ်ရေးကော်မတီဝင် တစ်ဦးအားလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ယင်းနောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား သူငယ်တော်ယေဇူးကျောင်း မသန်စွမ်းနှင့်မိဘမဲ့ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အခမ်းအနားသို့ တက်ရောက်လာသည့် သက်ကြီးဘိုးဘွားများ၊  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးများကို ထောက်ပံ့ကြေးများပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ထောက်ပံ့မှုစုစုပေါင်းမှာ ငွေကျပ်(၄၂၁၂.၆၇၆) သန်း ဖြစ်ပါသည်။
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာ၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန်လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး မူလတန်းကြိုကျောင်း၊ ဟိုပုံးမူလတန်းကြိုကျောင်းနှင့် သူငယ်တော်ယေဇူး မသန်စွမ်းဂေဟာများသို့ သွားရောက်ခဲ့ပြီး ကလေးငယ်များ မူကြိုပညာရေးသင်ကြားနေမှုနှင့် သူငယ်တော်ယေဇူး မသန်စွမ်းဂေဟာရှိ မသန်စွမ်းကလေးများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။ မူလတန်းကြိုကျောင်းများတွင် ကလေးများအတွက် ထောက်ပံ့ငွေနှင့်မုန့်များအားလည်းကောင်း၊ သူငယ်တော်ယေဇူး မသန်စွမ်းဂေဟာတွင် ထောက်ပံ့ငွေ၊ ဆန်ရိက္ခာ၊ ဆီနှင့်မုန့်များအားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

FacebookTwitter