ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း (၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားသို့တက်ရောက်

၂၀ နိုဝင်ဘာ ၂၀၂၃၊ နေပြည်တော်
    (၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
    အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ရှိသော ကလေးသူငယ်များ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပခဲ့သော (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေ‌ထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) ကို အပြည်ပြည်ဆိုင်ရာစာချုပ်အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည့်ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာလ (၂၀) ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UNCRC ကို ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများကို   နှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၁) နှစ်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၏ ဖြစ်ရပ်များအား စနစ်တကျစီမံဆောင်ရွက်နိုင်ရန် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို IT နည်းပညာအသုံးပြုပြီး အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်စီမံခန့်ခွဲနိုင်ရန်နှင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် ပူးပေါင်း၍ Case Management Information System (CMIS) Software ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ရေးဆွဲခဲ့ပြီး (၁၈.၅.၂၀၂၃) ရက်နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “For every child, every right” (အခွင့်အရေး အားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး) ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအား ကမ္ဘာပေါ်ရှိကလေးများအားလုံး ရရှိခံစားနိုင်ရန်၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၊ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှ အားလုံးပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ဖြစ်သည့်အတွက် ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍရပ်များအား အလေးထားဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်၍ လုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခုဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် ကော်မတီဝင်အဖွဲ့များ၊ အဖွဲ့အစည်းများအပါအဝင် တာဝန်ရှိသူများအားလုံးမှ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုပြသခဲ့ပြီး နေပြည်တော်ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများရှိ ကလေးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဌာနငယ်/ သင်တန်းကျောင်းများမှ ကလေးများက သီချင်းများဖြင့် သရုပ်ဖော်တင်ဆက်ကပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

FacebookTwitter